သတင်း

စစ်ကောင်စီ၏ လွတ်ငြိမ်းချမ်းသာခွင့် ကချင်ပြည်နယ်မှ အကျဉ်းသား ၃ ဦးသာ ပါဝင်

ယနေ့ မေလ ၃ ရက် ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အဖြစ် တစ်နိုင်ငံလုံးအတိုင်းတာဖြင့် အကျဉ်းသား/ သူ ၂၁၅၃ လွတ်ငြိမ်းခွင့်တွင် ကချင်ပြည်နယ် အကျဉ်းထောင် ၂ ခုမှ ၃ ဦးသာ လွှတ်ငြိမ်းခွင့် ပါဝင်လာကြောင်း သိရသည်။

ခုလွှတ်လာတာ လောလောဆယ် ဗန်းမော်က ၅၀၅ နဲ့ တစ်ယောက်ဘဲ မိန်းကလေးတစ်ယောက်ဘဲ လွှတ်တယ်ဟုဗန်းမော်ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ လွတ်ငြိမ်းချမ်းသာခွင့်တွင် ဗန်းမော်အကျဉ်းထောင်မှ အမျိုးသမီး ၁ ဦးနှင့် မိုးညှင်းအကျဉ်းထောင်မှ အမျိုးသား ၂ ဦး၊ စုစုပေါင်း ၃ ဦးတို့ ဖြစ်ပြီး လွှတ်မြောက်လာသူ ၃ ဦးစလုံးသည် ၅၀၅ ဖြင့် ပြစ်ဒဏ်ချမှတ်ခံထားရသူများဖြစ်ကြောင်း သိရသည်။

ဒီတစ်ခေါက်တော့ ဖားကန့်က လွှတ်တာမရှိဘူးလို့သိရတယ်။ အထဲမှာပြစ်ဒဏ်ချမှတ်ထားပြီးသား နိုင်/ကျဉ်းသားတွေ ၃၀ ကျော်တယ် တစ်ယောက်မှ မလွှတ်ဘူးဟု ဖားကန့်ဒေသခံ အမျိုးသမီးတစ်ဦးကပြောသည်။

ကချင်ပြည်နယ်တွင် ပူတာအိုအကျဉ်းထောင်၊ မြစ်ကြီးနားအကျဉ်းထောင်၊ ဗန်းမော်အကျဉ်းထောင်နှင့် မိုးညှင်းအကျဉ်းထောင်၊ ဖားကန့်အချုပ်ထောင်၊ မလိခအချုပ်ထောင်၊ ဒွန်ဘန်အချုပ်ထောင်များရှိသည်။

စစ်ကောင်စီတပ်သည် အာဏာသိမ်းပြီးနောက် လွတ်ငြိမ်းချမ်းသာခွင့် ၁၂ ကြိမ်ပေးခဲ့ရာ ပြီးခဲ့သည့် ဧပြီလ ၁၇ ရက်နေ့တွင်လွှတ်ငြိမ်းခွင့်တွင် ကချင်ပြည်နယ် မြစ်ကြီးနားအကျဉ်းထောင်မှ ၄၄ ဦး၊ ဖားကန့်အချုပ်ထောင်မှ အမျိုးသား ၄ ဦး၊ ဗန်းမော်အကျဉ်းထောင်မှ ၂၇ ဦးနှင့် ပူတာအိုအကျဉ်းထောင်မှ ၃ ဦး၊ မိုးညှင်းအကျဉ်းထောင်မှ ၇ ဦး၊ မလိခအချုပ်ထောင်မှ ၂၅ ဦး၊ ဒွန်ဘန်အချုပ်ထောင်မှ ၈ ဦးတို့ ဖြစ်သည်။

ထို့ကြောင့် အကျဉ်းသား/ သူ ၁၂၈ ဦးလွတ်ငြိမ်းခွင့်ပေးခဲ့ပြီး ထိုထဲတွင် နိုင်/ ကျဉ်းသားပါဝင်ခဲ့ခြင်းမရှိခဲ့ပေ။

၂၀၂၃ ခုနှစ် မတ်လ ၃ ရက် ကဆုန်လပြည့်နေ့အထိမ်းအမှတ်အဖြစ် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အကျဉ်းသူ/ အကျဉ်းသား ၂၁၅၃ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးကြောင်း စစ်ကောင်စီက မေလ ၃ ရက်‌နေ့တွင် ထုတ်ပြန်ခဲ့ပြီး အဆိုပါထုတ်ပြန်ချက်တွင် နောက်တကြိမ်ပြစ်မှုကျူးလွန်ပါကကျန်ရှိနေတဲ့ ပြစ်ဒဏ်များကိုပါ ပြန်လည်ကျခံရမည်ဆိုသည့် ခံဝန်ဂတိ ပုဒ်မ (၄၀၁) ဖြင့် လွတ်ငြိမ်းခွင့်ပြုခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၃ခုနှစ် မေလ ၂ ရက်အထိ စစ်ကောင်စီတပ်မှ စစ်အာဏာသိမ်းမှု ကိုဆန့်ကျင်သည်ဆိုသည့်စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံထားရသူများမှာ ၁၇၈၉၇ ဦးရေရှိကြောင်း မေလ ၂ ရက်နေ့ AAPP ၏ ထုတ်ပြန်ချက်အရ သိရသည်။

Show More

Related Articles

Back to top button