သတင်း

မလန်းလယ်ကွင်း အနီးရှိသော အရပ်သားပြည်သူတစ်ချို့ဖမ်းဆီးခံရ

ဖားကန့်မြို့နယ် ကာမိုင်းမြို့အထွက်ဘက်ရှိသော မလန်းလယ်ကွင်းအနီးတဝိုက်နေရာများတွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာပြီး ဒေသခံပြည်သူတစ်ချို့ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံပြည်သူများထံမှသိရသည်။
ယနေ့နံနက်ပိုင်း ၅ နာရီဝန်းကျင် ကာမိုင်းဗျူဟာကုန်းမှဆင်းလာသည့် စစ်အင်အား ၁၀၀ ကျော်ပါရှိသည့် စစ်ကောင်စီစစ်ကြောင်းသည် ဖားကန့်ဘက်သို့ ထွက်ခွာလာစဉ် မလန်းလယ်ကွင်းနေရာ အရောက်တွင် ရွာသားအချို့ကို ဖမ်းဆီးမှုပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု မလန်းလယ်ကွက်အနီးတဝိုက်နေထိုင်သော အမျိုးသားတစ်ဦးက KNG ကိုပြောသည်။

“မလန်းနေရာမှာရှိတဲ့ တဲတွေမှာ သူတို့က ဝင်စီးခဲ့တယ်။ ဖမ်းခံရတာဟုတ်တယ် ဘယ်နှစ်ယောက်ဖမ်းဆီးခံရတယ်ဆိုတာ အသေးစိတ်မသိရသေးဘူး။ ကြည့်ရတာ သူတို့ရဲ့ စစ်ကြောင်းထဲခေါ်ဖို့ထင်တယ်”ဟု ပြောသည်။

အဆိုပါ စစ်ကြောင်းသည် ဖမ်းဆီးထားသည့် အရပ်သားပြည်သူများနှင့်အတူ မလန်းလယ်ကွက်ထိပ်ပိုင်းရှိသော ဥရုမေတ္တာနာရေးကူညီမှုရုံးတွင် ဝင်ရောက်တပ်စွဲထားကြောင်းသိရသည်။
ဒေသခံများ၏ ပြောဆိုချက်အရ ဖမ်းဆီးခံရသော အမျိုးသား ၄ ဦးအထက်ရှိနိုင်ပြီး မလန်အနီးတဝိုက်တွင်လည်း အခြေားဖမ်းဆီးခံရမှုများရှိနေသည်ဟု သိရသော်လည်း အသေးစိတ်မသိရသေးပေ။
ကာမိုင်းတွင် မေလ ၂ရက်နေ့ကလည်း မိုးကောင်းဘက်မှ ကာမိုင်းဗျူဟာကုန်းသို့ သွားသည့် စစ်ကောင်စီစစ်ကြောင်းက ဒွမ်ဘုန်းရွာသားနှင့် မလန်း ရွာသား ၃၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့ပြီး ကာမိုင်းဗျူဟာကုန်းအရောက်တွင်ပြန်လွတ်ပေးခဲ့သည်။
အာဏာသိမ်းသည့်နောက်ပိုင်း ဖားကန့်တွင် အရပ်သားများဖမ်းဆီးခံရမှုမကြာခနရှိခဲ့သော်လည်း ယခုကဲ့သို့အစုလိုက်အပြုံလိုက်ဖမ်းဆီးမှုမှာ နှစ်ဆန်းပိုင်းက ပိုမိုလုပ်ဆောင်လာပြီး ပြီးခဲ့သော လပိုင်းတွင်လည်း စဗျစ်ခူးရွာသား ၆၀ ကျော်ဖမ်းဆီးခံရမှုနဲ့ ရှရော်ခါးရွာသား ၁၀၀ ကျော်ဖမ်းခံရမှုအပါအဝင် မှော်ပုံ၂၀၀ ဝန်းကျင် ဖမ်းခံရမှုသည် အများဆုံးဖြစ်စဥ်များ ဖြစ်သည်။
မလန်းလယ်ကွင်းနေရာသည် ကားမိုင်းမြို့နယ်(ခွဲ) အတွင်းရှိသော ဒေသခံပြည်သူများ လယ်ယာမြေ လုပ်ကိုင်စားသောက်သည့်နေရာဖြစ်သည့်အတွက် ထိုလယ်တဲနေရာများတွင် ရှိနေသော အရပ်သားပြည်သူများ ဖမ်းဆီးခံရမှုဖြစ်သည်။
Show More

Related Articles

Back to top button