သတင်း

မိုးကောင်းမြို့နယ် တရားရုံး လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခံရ

ကချင်ပြည်နယ် မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် တရားရုံး မေလ ၁၀ ရက် ညတွင် လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရကြောင်း ဒေသခံများထံမှ သိရသည်။

မိုးကောင်းမြို့ နတ်ကြီးကုန်းရပ်ကွက်တွင်ရှိသည့် စစ်ကောင်စီ၏ မြို့နယ်တရားရုံးကို ယမန်နေ့ည ၇နာရီခွဲအချိန့်ခန့်တွင် ဆိုင်ကယ်မောင်းနှင်လာသည့် လူငယ် နှစ်ဦးမှ လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်သွားကြောင်း မိုးကောင်းမြို့နေ အမျိုးသားတစ်ဦးက KNG ကိုပြောသည်။

ပေါက်ကွဲအားတော့ပြင်းတယ် ရုံးအနည်းအကျဥ်းတော့ ထိခိုက်ပျက်စီးသွားတယ်။ ၇နာရီဆိုတော့ လူသွားလူလာများနေတဲ့ချိန် ဟုတ်တယ်။ တချို့လည်းဆိုင်ကယ်နဲ့လာပြီးပစ်သွားတယ်လို့ပြောတယ်။ ဘယ်လိုပုံစုံလာပစ်သွားလဲဘယ်သူမှတော့ အတိကျမပြောဘူးဟုပြောသည်။

လက်ပစ်ဗုံးတစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် ယနေ့ နံနက်ပိုင်းတွင် ယင်းမြို့နယ်တရားလမ်းအနီး အပြင် မြို့တွင်းလမ်းသွားလမ်းလာ ပြည်သူများ၏ ဆိုင်ကယ်၊ ကားများအား စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

ပစ်ခတ်ခံရမှုကြောင့် မြို့နယ်တရားရုံး ခြံစည်းရိုးတံခါးနှင့် ခြံစည်းရိုးနံရံထိခိုက်ပျက်စီးမှုရှိသွားကြောင်းသိရသည်။

ည ၇နာရီဆိုတော့ရုံးမှာလူမရှိတော့ဘူးလေ လူတော့မထိဘူး အဲ့ရုံးရဲ့ခြံတံခါးနဲ့ ခြံပေါ့ မိုင်းစထိသွားတယ်။ မိုင်းစတွေလမ်းဘက်မှာလည်း စင်လာတာရှိပေမယ့်လူမထိသွားဘူးဟု အထက်တွင်ဖော်ပြခဲ့သည့် အမျိုးသားကဆက်ပြောသည်။

မိုးကောင်းမြို့တွင် လွန်ခဲ့သည့် ၂၀၂၂ ခုနှစ်ကလည်း EPC ရုံးနှင့် မိုးကောင်း အ..က ကျောင်းတို့ ဗုံးခွဲတိုက်ခိုက်ခံရဖူးပြီး လူထိခိုက်မှု မရှိခဲ့သော်လည်း ရုံးထိခိုက်ပျက်စီးမှုရှိခဲ့သည်။

Show More

Related Articles

Back to top button