သတင်း

နေရပ်ပြန် မန်လုံနှင့် ကောင်းလိန် စစ်ရှောင်ပြည်သူများ နေရာထိုင်ခင်း အကူညီလိုအပ်နေ

ရှမ်းပြည်နယ်မြောက်ပိုင်းကွတ်ခိုင်မြို့နယ် မန်လုံနှင့် ကောင်းလိန် စစ်ရှောင်ပြည်သူများသည် နေရာထိုင်ခင်း အခက်အခဲရှိနေသဖြင့် အကူအညီများ လိုအပ်နေကြောင်း စစ်ရှောင်များထံမှ သိရသည်။

အဆိုပါ စစ်ရှောင်ပြည်သူများသည် ဧပြီလ ၂၅ ရက်နေ့ မိမိတို့နေရပ်ပြန်လည်နေထိုင်နေကြပြီဖြစ်သော်လည်း လက်ရှိချိန်တွင် နေအိမ်မရှိသေးသောကြောင့် မိုးကာတဲများထိုးပြီး နေထိုင်နေရကြောင်း နေရပ်ပြန် စစ်ရှောင်အမျိုးသမီးတစ်ဦးက KNG ကို ပြောသည်။

အခုချိန်ထိတော့ မိုးကာတဲနဲ့ပဲ နေနေကြတာပေါ့။ မိုးရွာတဲ့အချိန်ဆို အရမ်းဒုက္ခရောက်တယ်၊ ဟိုတစ်နေ့ညက မိုးရွာတာအရမ်းသည်းတော့ ကျွန်မတို့တွေအရမ်းခက်သွားတယ်၊ ကျွန်မတို့နေရာက တောင်စောင်းလည်းဖြစ် တဲ့အတွက်လေတွေလည်း အရမ်းပြင်းတယ်မိုးကာနဲ့ဘဲဆိုတော့လုံလုံခြုံခြုံ မရှိဘူးလေဟုပြောသည်။

နေရပ်ပြန် စစ်ရှောင်ပြည်သူများအနေဖြင့် မိုးတွင်းကာလရောက်လာသည့်အတွက် နေအိမ်ခက်ခဲမှုအမြန်ဆုံး ဖြေရှင်းချင်သော်လည်း ကူညီထောက်ပံ့မှုများ မရရှိသောကြောင့် အခက်ခဲများစွာရှိနေကြောင်း သိရသည်။

ထို့ပြင် တစ်ဖက်တွင်လည်း တောင်ယာစိုက်ပျိုးရမည့်အချိန် ကျော်လွန်လာပြီဖြစ်သောကြောင့် စားဝတ်နေရေးအတွက် ကြိုးစားနေကြရသည့်အတွက် ပြန်လည်ထူထောင်ရေးကာလအတွင်း သက်ဆိုင်ရာအဖွဲ့အစည်းများမှ ပါဝင်ကူညီစေလိုကြောင်း စစ်ရှောင် အမျိုးသမီးတစ်ဦးက KNG ကို ယခုလိုပြောသည်။

ပိုက်ဆံဝင်တဲ့ အလုပ်တွေလည်း မရှိဘူးလေ၊ ကျွန်မတို့တွေ အသက်မွေးဝမ်းကြောင်းအတွက် တောင်ယာလယ်ယာတွေ စလုပ်နေပြီဖြစ်တဲ့အတွက် အစားအသောက်တွေအတွက်လည်း ကျွန်မတို့ အတည်တကျဖြစ်တဲ့အထိ ကူညီစေချင်တယ်၊ လုံလုံခြုံခြုံနဲ့ နေနိုင်ဖို့အတွက် နေအိမ်တွေလည်း လိုအပ်နေတယ် အဲ့တာကြောင့် သက်ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ ကူညီပေးစေချင်တယ်ဟုပြောသည်။

လက်ရှိတွင် နေအိမ်ဆောက်လုပ်ရန်အတွက် သောက်ရေ၊ အစားအစာ၊ လျှပ်စစ်မီး၊ ဆေးဝါးနှင့် ငွေကြေးထောက်ပံ့မှု အကူအညီများ အရေးပေါ်လိုအပ်နေကြောင်း ၎င်းက ဆက်ပြောသည်။

နေရပ်ပြန်သည့်အချိန် တစ်အိမ်ထောင်လျှင် ငွေကျပ် ၁ သိန်း နှင့် ယာယီတဲနေထိုင်နိုင်ရန် မိုးကာတဲများ ထောက်ပံ့ပေးခဲ့သည်မှ အပ ယခုချိန်ထိ တစ်ခြားသော ကူညီထောက်ပံ့မှု တစ်စုံတစ်ရာမှ မရရှိသေးကြောင်း သိရသည်။

အထက်ပါ စစ်ရှောင်များသည် ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်တွင် ကွတ်ခိုင်မြို့မှ ၇ မိုင်ဝေးသည့် မန်လုံ‌ကျေးရွာ နှင့် ၁၆ မိုင်‌ဝေးသည့် ကောင်းလိန်ကျေးရွာသို့ နေရပ်ပြန်ခဲ့သည်။

လက်ရှိ မန်လုံ‌ကျေးရွာတွင် အိမ်ထောင်စု ၃၂စုနှင့် လူဦးရေ ၁၆၀ ရှိပြီး ကောင်းလိန်ကျေးရွာတွင် အိမ်ထောင်စု ၁၅ နှင့် လူဦးရေ ၁၀၀ ဝန်းကျင်ရှိကြောင်း သိရသည်။

Show More

Related Articles

Back to top button