သတင်း

KIA ၊ PDF နှင့် ပတ်သက်သူများကို ဖမ်းဆီးရမိပါက ပြစ်ဒဏ်ချမှတ်ခြင်းမရှိတော့ဘဲ ပစ်သတ်ရန် ဖားကန့်တပ်မမှုး ညွှန်ကြားထား

ဖားကန့်မြို့နယ် ကချင်လွတ်လပ်ရေးတပ်မတော် KIA  PDF များအပြင်၊ ပတ်သက်ဆက်နွယ်သူများကို ဖမ်းဆီးရမိပါက ယခင်ကဲ့သို့ ပြစ်ဒဏ်ချမှတ်ခြင်းမရှိတော့ဘဲ ချက်ချင်းပစ်သတ်ရန် ဖားကန့်မြို့သို့ အသစ်ပြောင်းလာသော တပ်မမှုးက ညွှန်ကြားထားသည်ဟု ဒေသခံများထံမှ သိရသည်။

ယခုနှစ် မတ်လကုန်ပိုင်းတွင် အသစ်ပြောင်းလာသည့် တပ်မမှုးသည် အထက်အမိန့်အရဆိုကာ KIA  PDF များအပြင် ပတ်သက်ဆက်နွယ်သူများအား ဖမ်းဆီးရမိပါက ရဲလက်သို့မအပ်ဘဲ စစ်တပ်မှ တိုက်ရိုက်စစ်ဆေးကာ ပစ်သတ်ရန် ညွှန်ကြားထားကြောင်း အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။

ခုက KIA  PDF ရော ပတ်သက်တဲ့သူတွေကိုရော ဖမ်းမိရင်လုံးဝ ရဲစခန်းကိုမအပ်ဘူး တစ်ခါတည်းအပြစ်ရှင်း ဥပဒေမဲ့ပေါ့။ အရင်ကဆို ဖမ်းမိရင် ထောင်ချတာတို့ရှိတယ်။ ခုကလွှတ်လမ်းမရှိဘူ ဖမ်းမိတာနဲ့တစ်ခါတည်း သတ်ပစ်ဖို့ကို ညွှန်ကြားထားတာတဲ့ဟုပြောသည်။

ဖားကန့်တွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှစပြီး အရပ်သားပြည်သူများအပြင် KIA PDF နှင့် ပတ်သက်ဆက်နွယ်သူများ သံသယအဖြစ်ဖမ်းဆီးခံရမှုသည် တစ်ရက်ထက်တစ်ရက်ပိုများလာသည့်အပြင် ဖမ်းဆီးထားသူများအနက်  KIA  PDF ပတ်သက်ဆက်နွယ်မှုရှိနိုင်သည့် သံသယရှိသူများအား စစ်ကြောရေးတွင် သပ်သပ်စီခွဲထားကာ အစာရေစာအငတ်ထားပြီး နောက်ဆုံးတွင် လူနေရပ်ကွက်သို့ ခေါ်ဆောင်လာကာ ပစ်သတ်လိုက်သည့်အခြေအနေ ဆက်တိုက်ရှိလာသည်ဟု အခြားဒေသခံတစ်ဦးကလည်း ယခုလိုပြောသည်။

ကျနော်တို့အတွင်းသတင်းအရ သိရတာက သူတို့လိုက်ဖမ်းထားတဲ့ထဲကနေ KIA PDF နဲ့ ပတ်သက်တယ်ဆိုတဲ့ သံသယရှိရုံနဲ့တင် သပ်သပ်စီခွဲထားပြီးတော့ နှိပ်စက်တာ ရေလည်းမတိုက် ထမင်းလည်းမကျွေး ပြီးတော့လက်လွန်သွားပြီဆိုရင် ညလူခြေတိတ်တဲ့ချိန် လူနေရပ်ကွက်ထဲ ခေါ်သွားပြီး သွားပစ်သတ်လိုက်တာဟုပြောသည်။

ဖားကန့်မြို့နယ်တွင် ပြီးခဲ့သည့် ဧပြီလအတွင်း KIA  PDF  နှင့် ပတ်သက် ဆက်နွယ်သူများအပြင် အရပ်သားပြည်သူ ၃၀၀ ကျော်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သည်။

အဆိုပါ ဖမ်းဆီးခံရသူများအနက် အချို့အား မှတ်ပုံတင်များ စစ်ဆေးကာ ခံဝန်ကတိဖြင့် ပြန်လည်လွှတ်ပေးခဲ့သော်လည်း တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ပတ်သက်ဆက်နွယ်သည်ဟု သံသယရှိသူများကိုမူ မဇွပ်ယန်အကျဉ်းထောင်အပြင် စစ်တပ်ဗျူဟာကုန်း စစ်ကြောရေးစခန်းတွင် နှိပ်စက်သတ်ဖြတ်နေကြောင်း သိရသည်။

မေလ ၄ ရက်နေ့ည ရှရော်ခကျေးရွာအနီးတွင် လည်ပင်း၊ လက်မောင်းများတွင် ကြိုးချည်ထားသည့် ဒဏ်ရာဟောင်းများအပြင် ညိုမည်းစွဲနေသည့်ဒဏ်ရာများနှင့်  တော်လှန်ရေးတပ်ဖွဲ့ဝင် ၂ ဦးနှင့် မေလ ၅ ရက်ည မှော်စီဇာကျေးရွာအဝင်တွင် ၂ ဦးအား နဖူးတည့်တည့်တွင် သေနတ်ဖြင့် လာရောက်ပစ်သတ်ထားသည့် ဖြစ်စဉ်များ ရှိခဲ့သည်။

တပ်နှင့် နီးစပ်သူများ၏ ပြောဆိုချက်အရ စစ်ကောင်စီတပ်သည် ဖားကန့်မြို့နယ်အား အပြည့်အဝထိန်းချုပ်ရန် ကြိုးစားနေခြင်းဖြစ်ပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှစပြီး စီမံချက်ချကာ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

သို့သော် ဇန်နဝါရီလမှ မတ်လအထိ ထိထိရောက်ရောက်လုပ်ဆောင်နိုင်ခြင်းမရှိသောကြောင့် စစ်ကောင်စီတပ်သည် မတ်လ လကုန်ပိုင်းတွင် တပ်မမှူးအပြောင်းအလှဲ ပြန်လည်ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် ဧပြီလ လဆန်းပိုင်းမှစပြီး ကျောက်စိမ်းလုပ်ကွက်၊ လူနေရပ်ကွက်လမ်းကြို လမ်းကြားပါမကျန် အရပ်ဝတ်များဖြင့် စောင့်ကြည့်ပြီး အင်အားအလုံးအရင်းဖြင့် လူနေအိမ်ထိ လိုက်လံဖမ်းဆီးမှုဆက်တိုက်ပြုလုပ်နေသည်။ တစ်ရွာနှင့်တစ်ရွာ စပ်ကြားသွားလာရာတွင် ဖမ်းဆီးထားသည့် အရပ်သားများအား လူသားဒိုင်းအဖြစ်အသုံးပြုပြီး လူသားဒိုင်းအဖြစ် အသုံးပြုနေသည်ဟု ဒေသခံများ ပြောသည်။

အလားတူ မေလ ၄ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်များအပြင် ရှမ်းနီတပ်ဖွဲ့ဝင်များ၊ ဦးရွှေမင်းပြည်သူ့စစ်တပ်ဖွဲ့ဝင် စုစုပေါင်း အင်အား ၁၀၀ကျော်ပါရှိသည့် စစ်ကြောင်းသည် ဖားကန့်မြို့သို့ ထပ်မံအင်အားဖြည့်တင်းခဲ့သည်။

စစ်ကြောင်းတစ်လျှောက် ကားမိုင်းမြို့နယ်အထွက် မလန်းလယ်ကွင်းမှ အရပ်သားပြည်သူ ၅ ဦးအားဖမ်းဆီးခေါ်ဆောင်ကာ လူသားဒိုင်းအဖြစ်အသုံးပြုခဲ့သည်။

မေလ ၉ ရက်နေ့တွင်လည်း ဖားကန့်ဥရုချောင်းတံတားထိပ်တွင် လူငယ်အမျိုးသား ၄ ဦးအား KIA  PDF ဖြင့် ပတ်သက်ဆက်နွယ်သည်ဆိုသည့် စွပ်စွဲချက်ဖြင့်ဖမ်းဆီးသွားကာ ရဲလက်သို့မအပ်ဘဲ ဖားကန့်စစ်တပ်ဗျူဟာကုန်းဘက်သို့ ဖမ်းဆီးသွားခဲ့သည်။

အဆိုပါ ဖမ်းဆီးခံရသည့်လူငယ် ၄ ဦးသည် KIA PDF နှင့်ပတ်သက်မှုရှိ မရှိ အသေးစိတ်မသိရသေးပေ။

ကမ္ဘာ့အဖိုးတန်ဆုံး ကျောက်စိမ်းထွက်ရှိရာ ဖားကန့်ဒေသတွင် စစ်တပ်အာဏာသိမ်းပြီးနောက် နေ့စဉ် တိုက်ပွဲဖြစ်ပွားနေသည်။ အရေအတွက်အားဖြင့် နည်းသော်လည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နေ့စဉ်နှင့်အမျှ ဖမ်းဆီးခံရမှု နှင့် သတ်ဖြတ်ခံရမှုအများဆုံးကြုံနေရသည့် နယ်မြေတစ်ခုလည်း ဖြစ်သည်။

ဖမ်းဆီးခံရမှု တစ်ရက်ထက်တစ်ရက် ပိုမိုဆိုးရွာလာသည့်အပြင် သတ်ဖြတ်ခံရသည့်ဦးရေသည်လည်း များနေကြောင်း သိရသည်။

သို့သော် အဆိုပါ သတ်ဖြတ်ခံရသည့် စာရင်းသည် ပြည်သူများနေထိုင်သည့် ရပ်ကွက်တွင် လာရောက်သတ်ဖြတ်သည့်အရေအတွက်သာ သိရှိရပြီး အချုပ်ထောင် စစ်ကြောရေးတွင် သေဆုံးသည့်ဦးရေမှာ သိရှိနိုင်ဖို့ခက်ခဲသည်။

လက်ရှိဖားကန့်မြို့နယ်တွင် စစ်ကောင်စီတပ်အနေဖြင့် အင်အားအလုံးအရင်းသုံးပြီး နေ့၊ ည ဖမ်းဆီးမှု သတ်ဖြတ်မှု ဖောက်ခွဲမှုများ လုပ်ဆောင်နေသည့်အတွက် KIA  PDF တော်လှန်ရေးတပ်ဖွဲ့ဝင်များအတွက် များစွာခက်ခဲမှုများရှိနေသည့်အပြင် အရပ်သားပြည်သူများ၏ လုံခြုံရေးသည်လည်း မရှိတော့ကြောင်း ဖားကန့်ဒေသခံများကပြောသည်။

Show More

Related Articles

Back to top button