သတင်း

ဗန်းမောက်တွင် SNA တပ်သား အလောင်း ၆ လောင်းတွေ့ရှိ

စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ်တွင် မေလ ၅ ရက်နေ့က ပုပ်ပွနေသည့် SNA တပ်သား ရုပ်အလောင်း ၆ လောင်း တွေ့ရှိခဲ့သည်ဟု Banmauk Revolution BR အဖွဲ့ထံမှ သိရသည်။

ရုပ်အလောင်းများကို ဗန်းမောက်မြို့နယ် အနောက်ဘက် ဆိတ်စခူမှော်အနီးတွင် နယ်မြေရှင်းလင်းရေး ဝင်ရောက်ရာမှ တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ပုတ်ပွကာအရိုးစုများဖြစ်နေတာကြောင့် မြေမြုပ်သင်္ဂြိုဟ်ပေးခဲ့ရသည် ဟု Banmauk Revolution-BR အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ဧပြီလက ဖြစ်ခဲ့တဲ့တိုက်ပွဲကရုပ် အလောင်းတွေပါ အလောင်းက ၆လောင်းတွေ့ခဲ့တာပါ ၅ရက်နေ့ကနယ်မြေ ရှင်းလင်းရေးလုပ်ရင်းတွေ့ခဲ့တာပါ။ ရုပ်အလောင်းတွေကပုပ်ပွပြီး အရိုးစုတွေဖြစ်နေလို့ မြေမြုပ်ပေးခဲ့ပါတယ်ဟု Banmauk Revolution-BR တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရုပ်အလောင်းများသည် ပြီးခဲ့သည့် ဧပြီလ၂၇ရက်နေ့က SNAပူးပေါင်းတပ်နှင့်ကာကွယ်ရေးတပ်ဖွဲ့များအကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်းကျဆုံးခဲ့သည့်ရုပ်အလောင်းများဖြစ်ပြီး ဝတ်ထားသည့် ယူနီဖောင်းများအရ SNA တပ်သားများဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်ဟု သူကဆက်ပြောသည်။

အဆိုပါ တိုက်ပွဲတွင် SNA ပူးပေါင်းတပ်ဘက်က အကျအဆုံးများခဲ့ကာ ကာကွယ်ရေးတပ်ဘက်က၂ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဧပြီလ ၂၈ ရက်နေ့က Banmauk Revolution-BR အဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

ဧပြီလမှ စတင်ကာ မေလ ၉ ရက်နေ့လောက်ထိ စစ်ကောင်စီပူးပေါင်းတပ်များနှင့် ကာကွယ်ရေးတပ်များအကြား စစ်ရေးတင်းမာခဲ့သည့်အပြင် ယနေ့ နေ့လည်ပိုင်းတွင်လည်း SNA တပ်မတော်ဘက်က ဗန်းမောက်အနောက်ခြမ်း မံစီဒေသတစ်ဝှိုက်ရှိ ကျေးရွာများမှ ဒေသခံအမျိုးသားများကို စစ်သင်တန်းတက်ရမည်ဟုဆိုကာ ကားသုံးစီးဖြင့် ခေါ်ဆောင်သွားခဲ့သည်ဟု Banmauk Revolution-BR မှ တာဝန်ရှိသူတစ်ဦးက ယခုလိုပြောသည်။

ဒီရက်ပိုင်းတော့ စစ်ရေးကတော့အေးဆေးပါပဲ ဗန်းမောက်အနောက်ခြမ်း မံစီဒေသတစ်ဝှိုက်ကရွာတွေမှာတော့ SNAက စစ်သင်တန်းတက်ရမယ်ဆိုပြီး ကားသုံးစီးနဲ့ အတင်းခေါ်သွားတာတွေတော့ရှိတယ်ဗျဟုဆိုသည်။

ထို့အပြင် ဧပြီလအတွင်းဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ဗန်းမောက်အနောက်ခြမ်းရှိ ကျေးရွာများက ဒေသခံတစ်သောင်းနီပါး ဘေးလွှတ်ရာသို့ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံများထံမှသိရသည်။

Show More

Related Articles

Back to top button