သတင်း

ဖားကန့်လမ်း ကျေးရွာ ၃ ခုမှ ဒေသခံပြည်သူ ၄၀ လူသားဒိုင်း ဖမ်းဆီးခံရ

ဖားကန့်မြို့နယ်ရှိ နန့်ယား၊ ရေကာတာနှင့် ခင်တောင်ကျေးရွာ ၃ ခုမှ ဒေသခံ ၄၀ ကျော်ကို စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ်ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ မေလ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် စစ်အင်အား ၂၀၀ ဝန်းကျင်ရှိသော စစ်ကောင်စီတပ်ဖွဲ့သည် နန်ယားကျေးရွာမှ ကားမိုင်းဘက်သို့ ထွက်ခွာသွားစဉ် ကျေးရွာတစ်လျှောက် လမ်းမပေါ်တွင်ရှိသော အရပ်သားပြည်သူများကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု လဝါးကျေးရွာနေ အမျိုးသားတစ်ဦးက KNG သတင်းဌာနကို ပြောသည်။

အဲ့နန့်ယားတို့ဘက်ကရွာတွေတဒေသခံအချို့က ပြီးခဲ့တဲ့ရက်တွေကတည်းကတိမ်းရှောင်သွားကြတာ အခုက ရွာထဲကျန်ခဲ့တဲ့ထဲက လမ်းသွားလမ်းလာတွေဖမ်းသွားတာ။ နန့်ယားကပါတယ်၊ရေကာတာရွာတွေဘက်လည်းပါတယ်။ နန့်ယားကလူတွေက မနက်အစောကြီးစျေးသွားတဲ့ခါဖမ်းခံရတာဟုပြောသည်။

ရေကာတာကျေးရွာမှ ဖမ်းဆီးခံရသည့် သူများသည် စစ်ကောင်စီ စစ်ကြောင်းထိုးလာစဉ်အတွင်း စစ်ကြောင်းနှင့်ဝင်တိုးပြီး ဖမ်းဆီးခံလိုက်ရကြောင်းသိရသည်။

အဆိုပါ အရပ်သားပြည်သူများကို အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားသည့် စစ်ကောင်စီတပ်ဖွဲ့သည် ယနေ့ မွန်းလွဲ ၃ နာရီအချိန်းအတွင်း ကားမိုင်းမြို့သို့ ပြန်လည်ရောက်ရှိခဲ့ပြီး ဖမ်းဆီးခံရသည့် သူများက လွတ်မြောက်လာခြင်းမရှိသေးကြောင်းသိရသည်။

လက်ရှိဖမ်းဆီးခံရသည့် ဒေသခံ ၄၀ ကျော်ထဲတွင် အမျိုးသမီးနှင့် ကလေးငယ်များလည်းပါဝင်ကြောင်း ဒေသခံများပြောသည်။

အဲ့စစ်ကြောင်းက တပ်အချိန်းအပြောင်းလို့လည်းသိရတယ်။ သူတို့ကတော့ဒါမျိုးလုပ်နေကြပဲလေ သူတို့စစ်ကြောင်းသွားပြီဆိုဒါနဲ့အရပ်သားတွေကိုဖမ်းမယ် ဆီးမယ် လူသားဒိုင်းလုပ်မယ်။ ဒါမျိုးတွေက သူတို့တွေလုပ်နေကြပဲတော်လှန်းရေးတွင်ပါဝင်သည့် ဖားကန့်ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

မေလ ၁၄ ရက်နေ့တွင်လည်း အင်အား ၁၀၀ ကျော်ပါရှိသည့် စစ်ကောင်စီ စစ်ကြောင်းတစ်ခုသည် နန့်တိန်ဘက်ရှိသော KIA တပ်ရင်း ၄၄ ဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ရာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ၏ တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်ဘက်က တပ်ဆုတ်ခဲ့ကြောင်းသိရသည်။

စစ်ကောင်စီသည် မေလ ၂ ရက်နေ့ကတည်းက ကားမိုင်းမြို့အနီးရှိ မလန်းယန်နှင့် ဒွမ်ဘန်ရွာသား ၃၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားပြီး မေလ ၄ ရက်နေ့တွင် မလန်းယန်ရွာသား အချို့ကို ဖမ်းဆီးခံရမှုရှိခဲ့သည်။

Show More

Related Articles

Back to top button