ဆိုင်းတောင် ရဲကင်းစခန်း မိုင်းခွဲ ဖျက်ဆီးခံရ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာရှိ စစ်ကောင်စီ ရဲကင်းစခန်းတစ်ခုကို KIA နှင့် PDF မှ မိုင်းခွဲ ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဆိုင်းတောင်ကျေးရွာ ရပ်ကွက် ၄ ရှိ စစ်ကောင်စီရဲကင်းစခန်းအား မေလ ၁၇ ရက်နေ့ ည ၁၁ နာရီ အချိန်ခန့်တွင် သွားရောက်မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း KPDF တစ်ဦးက KNG ကို ပြောသည်။

”ဟုတ်တယ် ကျွန်တော်တို့ဘက်က အဲ့ဆိပ်မူရဲစခန်းဘက်ညက လှုပ်ရှားမှုတွေရှိခဲ့တယ်။ အခြေအနေ အသေးစိတ်ကိုတော့ ပြောပြလို့မရဘူးဗျ” ဟု ဖားကန့် PDF တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

ယမန်နေ့ မိုင်းခွဲဖျက်ဆီးခံရသည့် အဆိုပါရဲကင်းစခန်းသည် မေလ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် တစ်ကြိမ် မီးရှို့ဖျက်ဆီးခံရသည်။

အဆိုပါရဲကင်းစခန်းရှိ ရဲတပ်ဖွဲ့ဝင်များသည် မေလ ၁၂ ရက်နေ့မနက် မတိုင်မှီစခန်းကနေ တိမ်းရှောင်သွားကြပြီး ယမန်နေ့ တိုက်ခိုက်စဥ်တွင် ရဲတပ်ဖွဲ့ဝင်များမရှိသောကြောင့် လူထိခိုက်မှုမရှိခဲ့သော်လည်း ရဲစခန်းဆိုင်းဘုတ်နဲ့ အဆောက်အဦးများပျက်စီးသွားကြောင်းသိရသည်။

“ခုအဲစစ်သားတွေ ရဲတွေပြန်လာနေမယ်ဆိုပြီး သတင်းတွေထွက်နေတယ် အဲကြောင့်လာပစ်ပေးတာနေမှာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါရဲကင်းစခန်းတွင် ရဲတပ်ဖွဲ့ဝင် ၁၅ ဦးအထက် ပုံမှန် အစောင့်ထိုင်လျက်ရှိပြီး ယင်းစခန်းသည် စစ်အာဏာမသိမ်းမှီကတည်းက ထိုင်ထားသည့် စခန်းဟု သိရသည်။

Show More
Back to top button