သတင်း

မြွေကိုက်ခံရသော စစ်ဘေးရှောင် ၇၀ ဦး အထိရှိလာ

ကန့်ဘလူမြို့နယ်တွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ထွက်ပြေးနေရသော စစ်ဘေးရှောင်များထဲတွင် မြွေကိုက်ခံရသူ ၇၀ ဦးခန့်ရှိလာပြီဟု စုံစမ်း သိရှိရသည်။

အာဏာသိမ်းချိန်မှ စတင်ကာ ၂၀၂၃ ခုနှစ် ဧပြီလအထိ ကန့်ဘလူမြို့နယ်အတွင်း မြွေ‌ပွေးကိုက်ခံရသူ ၆၁ ဦးထိရှိခဲ့ပြီး ထိုအထဲတွင် ကလေးငယ် ၂ ဦး အပါအဝင် သေဆုံးသူ ၆ ဦးရှိခဲ့သည်။ ထို့နောက် မေလတွင် ၅ ဦး ထပ်တိုးလာသည့်အတွက် စုစုပေါင်း ၆၆ ဦး ထိရှိလာပြီဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ဒီနှစ်တော့ မြွေဆိုးကိုက်ခံရမူအရင်နှစ်တွေထက်ပိုမြှင့်လာနိုင်တယ်လို့ ခန့်မှန်းလို့ရတယ်။ ဘာလို့ဆို ရာသီဥတုက ပိုပြင်းလာတာကို ရာသီဥတုပြင်းလာတော့ မြွေဆိုးက ပိုထွက်လာတာကြောင့်ပါ”ဟု က ဆိုသည်။

ကန့်ဘလူမြို့နယ်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်က မကြာခဏ စစ်ကြောင်းထိုးနေသဖြင့် ဒေသခံများသည် ဘေးလွှတ်ရာ တောတောင်၊ လယ်ကွင်းပြင်များတွင် ထွက်ပြေးခိုလှုံနေကြရာမှ ယခုလိုမြွေအန္တရာယ်ဖြင့် ကြုံတွေ့နေရခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၂ ကလည်း စစ်ဘေးရှောင်ရင်း မြွေဆိုးကိုက်ခံရမူများရှိခဲ့ပြီး ယခုနှစ်တွင် မြွေဆိုးကိုက်ခံရသူပိုများလာနိုင်သည်ဟု ဒေသခံများ ခန့်မှန်းပြောဆိုနေကြသည်။

ထို့ကြောင့် မြွေဆိုးကိုက်ခံရသည့် စစ်ဘေးရှောင်များအတွက် မြွေဆိပ်ဖြေဆေးများ ဝယ်ယူရန် အကူအညီ လိုအပ်လျှက်ရှိကြောင်း သိရသည်။

ကန့်ဘလူမြို့နယ်ကို စစ်ကောင်စီ ခမရ၃၆၁ နှင့် ခမရ၃၆၈ စစ်ကောင်စီအဖွဲ့က စစ်ကြောင်းထိုးနေပြီး ချပ်သင်းတိုက်နယ်၊ ကိုးတောင်ဘို့တိုက်နယ်၊ ပင့်သာတိုက်နယ်၊ မလည်တိုက်နယ်၊ ထန်းကုန်းတိုက်နယ်များရှိ ကျေးရွာများမှ ဒေသခံ ၅ သောင်းခန့် စစ်ဘေးတိမ်းရှောင်နေရသည်ဟု စုံစမ်း သိရှိရပါသည်။

Show More

Related Articles

Back to top button