တိုက်ပွဲသတင်း

အင်းတော်တွင် စစ်ကောင်စီတပ် ဂျက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်

ကချင် စစ်ကိုင်းနယ်စပ် အင်းတော်မြို့နယ် မော်တိတ်ဒေသရှိ ရွာသာရွာအနီးတွင် ယနေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်မှ ဂျက်လေယာဥ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သည့်အတွက် အင်းတော် PDF နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယနေ့ နံနက် ၅ နာရီခွဲအချိန်ခန့်တွင် တပ်မ ၈၈ နှင့် တပ်မ ၇၇ ပူးပေါင်းတပ် အင်အား ၁၀၀ ကျော်သည် မှော်တိတ်မှ ရွာသာရွာ ဘက်သို့ စစ်ကြောင်းထွက်ခွာစဥ် ကျောင်းသားတပ်မတော် (ABSDF) မှ ကြားဖြတ်တိုက်ခိုက်ခဲ့ချိန် အထိနာခဲ့သော စစ်ကောင်စီတပ်သည် ဂျက်လေယာဉ် ၂ စီးဖြင့် ပြန်လည်ဗုံးကျဲခဲ့ခြင်းဖြစ်သည်ဟု အင်းတော် PDF မှ တာဝန်ရှိသူတစ်ဦးက KNG ကို ပြောသည်။

တိုက်ပွဲက ဒီနေ့မနက် ၆နာရီလောက်ကနေစဖြစ်တာ။ မော်တိတ်အလွန် ရွာသာရွာနားမှာဖြစ်တာ။ ABSDF က ကြားဖြတ်တိုက်ခိုက်တာ သူတို့ဘက်က အတော်လေး အထိနာသွားတယ်တဲ့။ တစ်နာရီကျော်ကြာတယ်။ အထိနာတော့ သူတို့က လေကြောင်းနဲ့လာပစ်တာဟု ပြောသည်။

တိုက်ပွဲသည် နံနက် ၆ နာရီ မှ ၇ နာရီအထိဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ် ထိခိုက်ကျဆုံးမှုများခဲ့သောကြောင့် နေ့လည် ၁၁ နာရီ ၂၂ မိနစ်တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံးသီး ၁၅ လုံးကျဲချသွားကြောင်း သိရသည်။

ကာကွယ်ရေးတပ်တွေဘက်ကတော့ ရွာသာရွာနားမှာ နေရာယူပြီး ခံပစ်နေတယ်။ စစ်သားတွေကိုရွာထဲမဝင်အောင်ပေါ့။ ခုနေ့လည်ထိတော့ ကာကွယ်ရေးတပ်တွေဘက်က တောင့်ခံထားတုန်းအဲ့တာကို စစ်ကောင်စီတပ်ကလေကြောင်းနဲ့လာပစ်တာ ဒါတောင် မဆုတ်ကြသေးဘူးဗျ။ ကျနော်တို့မြင်နေရတယ် လေယာဥ်နဲ့ကျဲနေတာ။ ကျနော်တို့နားမှာပဲဟု မော်တိတ်အုပ်စု အောင်းကုန်းကျေးရွာမှ အမျိုးသားတစ်ဦးက ပြောသည်။

လေယာဉ်ဖြင့် တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသွားသည့် အင်းတော် PDF တပ်ဖွဲ့ဝင် နှစ်ဦးသည် လက်ရှိဆေးကုသမှုခံယူနေပြီး စစ်ကောင်စီ စစ်ကြောင်းမှာ ရွာသာရွာအနီးတွင် ရောက်နေပြီဟု သိရသည်။

ကျေးရွာ ဒေသခံများအနက် အများစုသည် ယမန့်နေ့ကတည်းက ထွက်ပြေးတိမ်းရှောင်သွားကြပြီး ကျန်ရှိနေသည့်အချို့မှာလည်း ယနေ့ နံနက်ပိုင်းကတည်းက တိမ်းရှောင်သွားသည့်အတွက် ထိခိုက်မှုမရှိကြောင်း သိရသည်။

တိုက်ခိုက်ခံရသော ယင်းစစ်ကြောင်းသည် မေလ ၂၂ ရက်နေ့ကတည်းက အင်းတော် မှ ဗန်းမောက်ဘက်သို့ထွက်ခွာလာသော စစ်ကြောင်းဖြစ်ပြီး ယမန်နေ့ မနက် ၆ နာရီအချိန်တွင်လည်း မော်တိတ်အနီးတွင် ABSDF တပ်မှ တစ်ကြိမ် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ အထိနာခဲ့သည်။

Show More

Related Articles

Back to top button