စစ်ပြေးဒုက္ခသည်များတိုက်ပွဲသတင်း

လုံဂျာဘွမ်(Lung Ja Bum) တောင်ခြေတွင် စစ်ကောင်စီ တပ်စွဲထားဆဲဖြစ်သောကြောင့် ဒေသခံတောင်သူများ အခက်တွေ့နေ

ဗန်းမော်ခရိုင် မိုးမောက်မြို့ လုံဂျာဘွမ်(Lung Ja Bum) တောင်ခြေတွင် စစ်ကောင်စီတပ်စခန်းတိုးချဲ့ တပ်စွဲလိုက်သောကြောင့် အနီးတဝိုက်ရှိသော ဒေသခံပြည်သူများ တောင်ယာစိုက်ခင်းနှင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်စားသောက်ရန် အခက်ခဲများ ကြုံတွေ့နေရသည်ဟု သိရသည်။

လုံဂျာဘွမ်(Lungja bum) တောင်ခြေရှိ ၀ဝမ်ကျေးရွာမှ ၂ ဖာလုံအကွာတွင်သာ စစ်ကောင်စီ တပ်စွဲထားသဖြင့် မိုးမောက်တွင် စစ်ဘေးတိမ်းရှောင်နေကြရသည့် ဝဝမ်ဒေသခံပြည်သူများသည် နေရပ်ပြန်လည်နေထိုင်ပြီး မူလတောင်ယာလုပ်ငန်းများ လုပ်ကိုင်စားသောက်လိုသော်လည်း လုံခြုံရေးအတွက် စိုးရိမ်းနေရသည်ဟု ဝဝမ်စစ်ရှောင်အမျိုးသမီးတစ်ဦးက KNG ကိုပြောသည်။

တောင်ခြေမှာလယ်ယာရှိတဲ့သူတွေလည်း ကြောက်လို့ မလုပ်ရဲတော့ဘူးလို့ပြောတဲ့သူတွေ များနေတယ်။မလုပ်တော့ဘူး မလုပ်ရဲဘူးလို့ပြောတဲ့သူတွေချည်းပဲ။ မနှစ်တုန်းကစိုက်တာတောင် နွားတွေနင်းခြေလိုက်တာနဲ့ စစ်သားတွေ နင်းခြေလိုက်တာနဲ့။ ဘာဆက်ဖြစ်မယ်ဘယ်သူမှမသိနိုင်ဘူးလေ စစ်ရေးက ခုတစ်မျိုးတော်ကြာတစ်မျိုးဆိုတော့ဟု၀ဝမ်ကျေးရွာဒေသခံ စစ်ရှောင်အမျိုးသမီး KNG သတင်းဌာနကိုပြောသည်။

လက်ရှိ စစ်ကောင်စီတပ်ဖွဲ့သည် လုံဂျာဘွမ်(Lungja Bum)တောင်ခြေရှိ ဆုတောင်းတောင်တွင် သံဆူးကြိုးများဖြင့် ခိုင်အမာဝန်းရံထားပြီး စစ်အင်အား ၅၀ ဝန်းကျင်ခန့် တပ်စွဲနေထိုင် ထားသောကြောင့် ဝဝမ်ကျေးရွာဒေသခံပြည်သူများသည် နေရပ်ပြန်ရန် လုံခြုံရေးအတွက် စိုးရိမ်နေရခြင်းလည်းဖြစ်သည်။

အဆိုပါ ၀ဝမ်ကျေးရွာဒေသခံများကို နေရပ်ပြန်လာကြရန် ပြောဆိုမှုများရှိသော်လည်း ဒေသခံပြည်သူများအနေဖြင့် လုံဂျာဘွမ်တောင်ခြေတဝိုက် မိုင်းရှင်းလင်းရေးနှင့် ယခုတပ်စွဲနေသည့် တပ်စခန်းဆုတ်ခွာသွားခြင်းမရှိဘဲ နေရပ်ပြန်လာကြမည်မဟုတ်ကြောင်း စစ်ရှောင်များကပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်မှ လေယာဉ်ဖြင့်  မကြာခဏ လာရောက်ပျံဝဲခြင်း၊  ညအချိန် ဓာတ်မီးကြီးများဖြင့် မီးထိုးပြီး လက်နက်ကြီးများဖြင့်လည်း ရံဖန်ရံခါ ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်နေကြောင်းသိရသည်။

ယခုနှစ် ပြီးခဲ့သော ဧပြီလ ၂၀ ရက်နေ့တွင်လည်း ကျေးရွာဒေသခံအမျိုးသားတစ်ဦး တောင်ယာသို့သွားရာ စစ်တပ်ထောင်ထားသည့်မိုင်းနင်းမိပြီး အသက်သေဆုံးခဲ့ရသည့် ဖြစ်စဉ်လည်းဖြစ်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် လုံဂျာဘွမ်တောင်ဘက်ကို အားထားပြီး အသက်မွေးဝမ်းကျောင်းအတွက် စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်စားသောက်နေသည့် ဒေသခံပြည်သူများနှင့် အမျိုးသမီးများအတွက် လုံခြုံမှုပျောက်ကင်းနေကြောင်း ယခုလိုဆက်ပြောသည်။

ကြောက်တယ်လေ တကယ်လို့ သူတို့ မိုင်းရှင်းလင်းရေးတွေ ပြုလုပ်ပြီးပြီ လုပ်ကိုင်စားသောက်လို့ရပြီလို့ ပြောလာခဲ့ရင်တောင် သူတို့ထိုင်နေတဲ့တပ်စခန်းက ကျမတို့ လုပ်ငန်းသွားရာလမ်းမှာပဲဆိုတော့ အမျိုးသမီးတွေအတွက် လှုပ်ရှားသွားလာဖို့ကျတော့ကြောက်ရတယ်လေ။ အခြားနေရာတွေမှာတောင် မဒိန်းကျင့်တာတွေရှိတော့ ကြောက်တယ်ဟုပြောသည်။

စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ် ဇူလှိုင်လတွင်လည်း မိုးမောက်မြို့ လုံဂျာဘွမ်အနီး နွမ်လန့် (Num Lang) ကျေးရွာ၊ အာဏာသိမ်းစစ်တပ် ခမရ ၆၁၆ တပ်ရင်းအနီး လယ်တောတစ်နေရာတွင် အသက် ၅၁ နှစ်အရွယ် ကချင်အမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ်သားများ အစုလိုက် အဓမ္မပြုကျင့်သတ်ဖြတ်လိုက်သည့် ဖြစ်စဉ်တစ်ခုလည်း ဖြစ်ပွားခဲ့သည်။

တောင်ယာစိုက်ခင်းနှင့် လယ်ယာစပါးစိုက်ပျိုးရေးဖြင့်သာ အသက်မွေးဝမ်းကျောင်းပြုနေသည့် မိုးမောက်မြို့ လုံဂျာဘွမ်တောင်ခြေရှိ ဒေသခံပြည်သူများသည် ယခုလို စစ်ကောင်စီတပ်စခန်းတိုးချဲ့ တပ်စွဲလာခြင်းကြောင့် အဟန့်အတား၊ အခက်အခဲမြောက်များစွာ ရှိနေပြီး ရှေ့ဆက်ပိုမိုခက်ခဲလာနိုင်မည့် အနေအထားတွင်ရှိနေကြောင်း နောက်တပ်ဒေသခံအမျိုးသားတစ်ဦးကလည်း ယခုလိုပြောသည်။

တောင်ပေါ်ဘက်ကိုပဲ အားထားပြီး လုပ်ကိုင်စားသောက်နေကြတာလေ။ ဒေသခံအများပိုင်းက တောင်ယာစိုက်ခင်းလုပ်တာများတယ်။ အိမ်ခြေ ၂၅ လောက်ပဲ လယ်ယာစပါးစိုက်တာ။ အများက တောင်ယာပဲခုတ်ပြီးနေတာ။ အခုလိုအခြေအနေဖြစ်နေတော့ ဘာမှလုပ်လို့မရ အရမ်းခက်မဲ့ အခြေအနေဖြစ်နေတယ်။ ဟိုတလောဆို လယ်ယာတွေထိ မသွားကြဖို့ ပြောဆိုထားတာတွေလည်း ရှိတယ်။ အင်မတန်ခက်ခက်ခဲခဲကျော်ဖြတ်ခဲ့ပြီ။ ဒီနှစ်တော့ စဉ်းတောင်မစဉ်းစားတတ်တော့ဘူး။ လိုအပ်တာတွေက စစ်ရှောင်မှာ ကူညီထောက်ပံ့မှုတွေနဲ့ပဲ စားသောက်ပြီး ဒီနှစ်တော့ဖြစ်သလို ဖြတ်ကျော်ကြရုံပါပဲဟုပြောသည်။

ဝဝမ်ကျေးရွာနေပြည်သူများသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင်လည်း စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား နှစ်ဖက်တပ် တိုက်ပွဲကြောင့် ၎င်းတို့ စိုက်ပျိုးထားသည့် တောင်ယာ၊လယ်ယာစပါးများ ကောင်းမွန်စွာရိတ်သိမ်းယူနိုင်ခြင်းမရှိသည့်အတွက် လက်ရှိချိန်တွင် စားနပ်ရိက္ခာခက်ခဲမှုများစွာရှိနေကြောင်း စစ်ရှောင်များပြောသည်။

ယခုနှစ်တွင်လည်း တောင်ယာလုပ်ငန်းများနှင့် စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ခြင်းမရှိပါက ဒေသခံပြည်သူများသည် ရေရှည်တွင် အစားအသောက်များ ပြတ်တောက်သွားသည့် အခြေအနေအထိ ပိုမိုခက်ခဲလာနိုင်ကြောင်းပြောဆိုနေကြသည်။

လုံဂျာဘွမ်တောင်ခြေတွင်ရှိသော ဝဝမ်ကျေးရွာတွင် အိမ်ခြေ ၁၀၇ ခုရှိပြီး လက်ရှိတွင် မိုးမောက်မြို့တွင်းရှိသော တဂေါဘော်ဒါ Camp၊ ဧဒင်ရပ်ကွက် RC Camp ၊ ခါနန်ရပ်ကွက်() ဘုရားကျောင်းဝင်းနှင့် မိုးမောက် စိုက်ပျိုးရေး Camp နေရာတွင် တိမ်းရှောင်နေကြရပြီး စစ်ရှောင်ကာလ ၇ လခန့်ကြာမြင့်လာပြီဖြစ်သည်ဟုသိရသည်။

၂၀၂၂ ခုနှစ် အောက်တိုဘာလအတွင်းမှ လုံဂျာဘွမ်တောင်တွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား ရက်ရှည်တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့သည် လုံဂျာဘွမ်တောင်ခြေတွင် တပ်စွဲထားခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့သည် KIA တပ်မဟာ ၃ လက်အောက် တပ်ရင်း ၁၅ နယ်မြေဖြစ်သည့် လုံဂျာဘွမ်(Lung Ja Bum) တောင်နေရာကို သိမ်းပိုက်နိုင်ရန်အတွက် စစ်ဗျူဟာဖြင့် ယခုလို တပ်ချနေထိုင်လျက်ရှိနေခြင်းဖြစ်သည်ဟု ဒေသခံပြည်သူများက သုံးသပ်ပြောဆိုနေခြင်းဖြစ်သည်။

Show More

Related Articles

Back to top button