သတင်း

စစ်ကောင်စီတပ်၏ ကင်းစခန်းပစ်ခံရ တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာပြင်းထန်ရ

ကချင်ပြည်နယ် မိုးကောင်းမြို့အရှေ့ဘက်ရှိ ဝေပုလတောင်ခြေအောက်ရှိ စစ်ကောင်စီတပ် ခလရ ၇၄ တပ်၏ ကင်းစခန်းတစ်ခုပစ်ခတ်ခံရပြီး ကင်းစောင့်နေသည့် စစ်ကောင်စီ တပ်သား တစ်ဦးသေဆုံးပြီး တစ်ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံမှသိရသည်။

မေလ ၂၃ ရက်နေ့ ညနေ ၅နာရီဝန်းကျင် လူငယ် ၂ ဦးက ဆိုင်ကယ်ဖြင့် ရောက်လာပြီး စစ်ကောင်စီ ကင်းစခန်းကို ဝင်ရောက်ပစ်ခတ်သွားခဲ့သည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက KNG ကိုပြောသည်။

လူငယ်နှစ်ဦး ဆိုင်ကယ်နဲ့လာပြီးပစ်တာ သေနတ်အချက်ရေ ဆယ်ချက်ကျော် တစ်ခါထဲ ဆွဲပစ်သွားကြတာဟုတ်တယ် kia ကထုတ်တဲ့ kk 74 အသံပဲ ၊ ပစ်ပြီး အေးဆေးဆုတ်ခွာသွားကြတာစစ်ကောင်စီဘက်က ဘာမှတောင် ပြန်မလုပ်နိူင်ဘူးဟု ပြောသည်။

ပစ်ခတ်ခံရမှုတွင်  စစ်ကောင်စီ တပ်သား ၂ ဦးအနက် တစ်ဦးသည် ထိုနေရာတွင် ပွဲချင်းပြီး သေဆုံးမှုရှိခဲ့ကာ နောက်ထပ်တစ်ဦးမှာ ဒဏ်ရာပြင်းထန်ရရှိသွားသည့်အတွက် လက်ရှိတွင် ဆေးကုသခံယူနေရကြောင်း သိရသည်။

ထိုပစ်ခတ်ခံရသည့်နေရာသည် ခလရ ၇၄ တပ်ရင်းနေရာဖြစ်သော်လည်း လက်ရှိတွင် တပ်ထိုင်ထားခြင်းမရှိဘဲ တနိုင်းမြို့နယ်ဘက်သို့ ပြောင်းရွှေ့သွားပြီဖြစ်ကြောင်း သိရသည်။

ထို့နောက် ထိုနေရာတွင် အခြားမြို့နယ်များဘက်မှ ရှေ့တန်းထွက်သည့် စစ်ကောင်စီတပ်ဖွဲ့များ ခေတ္တဝင်ရောက်နားလေ့ရှိသော နေရာတစ်ခုလည်းဖြစ်သောကြောင့် ဧည့်တပ်ဟုခေါ်ဝေါ်ကြကြောင်း ဒေသခံများပြောဆိုသည်။

အများအားဖြင့်တော့ တစ်ခြားနေရာက ရှေ့တန်းသွားတဲ့စစ်ကြောင်းတွေ နားတာဟုတ်တယ်။ မနေ့က ပစ်ခံရတာတဲ့ တပ်ရင်းက ဘယ်တပ်ရင်းလဲတော့ မသိဘူး။ သူတို့စစ်ကြောင်းလာနားတဲ့ချိန် ကင်းစောင့်တဲ့သူတွေလည်း ရှိတယ်။ မနေ့ကပစ်ခံရတာ ကင်းစောင့်တဲ့သူတွေလေဟု နောက်ထပ် မိုးကောင်းဒေသခံတစ်ဦးက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မိုးကောင်းမြို့တွင်း မြို့ပြင် နေရာများတွင် စစ်ကောင်စီ လက်အောက်ရှိသော ပြည်သူ့စစ်အဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ ပူးပေါင်းကာ စစ်တပ်ဂိတ်များ ပိုမိုချဲ့ထားပြီး ငွေကြေးကောက်ခံမှုများ ပိုများလာကြောင်းလည်းသိရသည်။

ထို့အပြင် မေလ ၁၀ ရက်နေ့တွင် မိုးကောင်းမြို့ပေါ်ရှိသော တရားရေးရုံး လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခံရမှုရှိခဲ့ပြီး ပြီးခဲ့သော ၂၀၂၂ ခုနှစ်တွင်လည်း EPC ရုံးနှင့် မိုးကောင်း အ..က ကျောင်းရှေ့တွင် ဗုံးခွဲခံရမှုများလည်းရှိခဲ့သည်။

ယခုလို မကြာခဏ ဖောက်ခွဲခံရမှု မကြာခဏ ဖြစ်ပွားလျက်ရှိနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့သည် မြို့တွင်းနေရာများတွင် ညတွင်းအချိန် စစ်ဆေးမှုများပုံမှန်လုပ်ဆောင်နေကြောင်း မြို့ခံများကပြောသည်။

Show More

Related Articles

Back to top button