စစ်ရှောင် ကလေးငယ်များ စာသင်ကြားနိုင်ရေးအတွက် စာသင်ကျောင်းဆောင်ပြုပြင်ရန် ကူညီထောက်ပံ့မှုများ လိုအပ်နေ

စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောင်ပိုင်းရှိ စစ်ရှောင်ကလေးငယ်များ စာသင်ကြားနိုင်ရေးအတွက် စာသင်ဆောင်ပြုပြင်ရန် ကူညီထောက်ပံ့မှု အရေးပေါ်လိုအပ်နေကြောင်း စစ်ဘေးရှောင်ကူညီနေသူများထံမှ သိရသည်။
ရေရှင်ကျေးရွာမှ ပြည်သူများ ထွက်ပြေးခိုလှုံနေသော စစ်ရှောင်စခန်းတွင် စာသင်ကျောင်း ၄ ကျောင်းဖြင့် အလယ်တန်းအထိ ဖွင့်လှစ်ထားကာ ကလေးငယ် ၂၀၀ ကျော် ပညာသင်ကြားနေပြီး မိုခါမုန်တိုင်းအဖျားခတ် ဝင်ရောက်တိုက်ခတ်ခဲ့မှုကြောင့် စာသင်ဆောင်များ ပျက်ဆီးခဲ့ရခြင်းဖြစ်သည်ဟု စစ်ဘေးရှောင်ကူညီနေသူတစ်ဦးက ပြောသည်။
“တောတောင်ထဲမှာစစ်ဘေးရှောင်ကြရင်း ဖွင့်ထားတဲ့ကျောင်းပါ ကျောင်းကတောတောင်ထဲမှာဆိုတော့ အရင်တည်းက ကောင်းကောင်း မဆောက်နိုင်ဘူး ကျနော်တို့ဆီမှာ မိုခါမုန်တိုင်းကြောင့်အများကြီးမထိခိုက်ဘူးဆိုပေမဲ့ စစ်ရှောင်တဲတွေကတော့ အကုန်လုံး ပျက်ဆီးသွားတယ်။ အမိုးတွေဆို ဖက်ရွက်နဲ့ဝါးလုံးညှပ်ပြီးဆောက်ထားရတာ ခုစာသင်နိုင်ဖို့ စာသင်ဆောင်ပြန်ပြင်ချင်တာပါ” ဟု ပြောသည်။
လက်ရှိ အဆိုပါ ကလေးငယ်များသည် ပျက်စီးနေသည့် စာသင်ဆောင်များတွင် ခက်ခက်ခဲခဲ သင်ယူနေကြရသည့်အတွက် မိုးတွင်းကာလ မရောက်မီ စာသင်ဆောင်အမြန်ဆုံးပြန်လည်ပြုပြင်ရန် လိုအပ်နေကြောင်း စစ်ရှောင်ကူညီပေးနေသူများက ပြောသည်။

အဆိုပါ စစ်ဘေးရှောင်စခန်းမှ ဒေသခံများသည် ကလေးမြို့နယ်တောင်ပိုင်းရှိ ရေရှင်ကျေးရွာကဒေသခံများဖြစ်ပြီး စစ်ဘေးတိမ်းရှောင်နေရသည်မှာ ၂ နှစ်ခန့်ရှိလာပြီး စစ်ဘေးရှောင်လူဦးရေမှာလည်း ၁၅၀၀ကျော်ရှိကြောင်း သိရသည်။
စစ်ကိုင်းတိုင်းသည် စစ်တပ် အာဏာသိမ်းပြီးနောက် အရပ်သားပြည်သူများ၏ နေအိမ်များအား စစ်ကောင်စီတပ်များမှ မီးရှို့ဖျက်စီးမှုများစွာရှိသည့်အပြင် မီးကြိုးများ၊ ရေတွင်းများလည်း ဖျက်စီးခြင်းခံရသောကြောင့် စစ်ရှောင်ပြည်သူများအတွက် သောက်သုံးရေ အခက်အခဲကြုံနေရကြောင်း ဒေသခံများကပြောသည်။
ထို့အပြင် စစ်ရှောင်ပြည်သူများအတွက် ဆန်နှင့်သောက်သုံးရေ ပြတ်လပ်မူနှင့်လည်း ကြုံနေရသည်ဟု စစ်ဘေးရှောင်ကူညီနေသူက အခုလိုပြောသည်။
“ အရင်ကတော့ အရပ်ဘက်အဖွဲ့အစည်းတွေကလာလှူကြပါတယ် အခုဆိုသူတို့အကူညီကနည်းနည်းပါးသွား တယ် အဲ့တော့စခန်းမှာ ဆန်အရေးပေါ်ပြတ်လပ်မူနဲ့ကြုံနေရပါတယ်။ ဆန်က စျေးလည်းတက်တယ် ပိုက်ဆံရှိတောင် ဝယ်ဖို့ခက်တယ် တစ်ချို့ဆိုရင် ကလေးတွေကိုပဲဦးစားပေးပြီးစားခိုင်းတယ် လူကြီးတွေဆိုထမင်းနှပ်မမှန်ကြဘူး သီးနှံစိုက်ဖို့ကျတော့လည်း ရေကရှားတယ် ဟိုအဝေးကနေသယ်ရတာဆိုတော့ သုံးရက်မှတစ်ခါရတာမျိုးတောင်ရှိတယ် သောက်ဖို့ပဲအဓိကထားနေ ရတယ်”
ဟု၎င်းကဆိုသည်။
ရေရှင်ကျေးရွာသည် ကလေးမြို့နယ်တောင်ပိုင်း ကလေးမြို့နှင့် မိုင် ၂၀ အကွာတွင် တည်ရှိပြီး အာဏာသိမ်းပြီး နောက်ပိုင်း စစ်ကောင်စီက စစ်ကြောင်းဝင်ရောက်ကာ ရွာလုံးကျွတ် မီးတင်ရှို့ခဲ့သောကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။
ထို့အပြင် ရေရှင်ကျေးရွာသည် စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့ဝင်များ တပ်စွဲထားသော အင်းကျွင်းကျေးရွာနှင့် အနီးဆုံးတွင် တည်ရှိတာကြောင့် ယနေ့အချိန်ထိ နေရပ်ပြန်နိုင်ခြင်းမရှိဘဲ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်သည်ဟု စစ်ဘေးရှောင်ကူညီနေသူများက ဆိုသည်။