သတင်း

ဖားကန့် ဥရုချောင်းရှင်းလင်းရေးလုပ်ငန်းစဉ် နှောင့်နှေးမှု ရှိနေ

ဖားကန့် ရေကြီးရေလျှံမှု အန္တရာယ်ကိုကာကွယ်ရန်အတွက် ဥရုချောင်းရှင်းလင်းရေးကို ပြီးခဲ့သော ဧပြီလပိုင်းမှ စတင်ခဲ့သော်လည်း လက်နက်ကိုင်အဖွဲ့အစည်းများကြား ညှိနှိုင်းဆောင်ရွက်မှုနေရသောကြောင့် နှောင့်နှေးကြန့်ကြာမှုဖြစ်ပေါ်စေသည်ဟု သိရသည်။

ယန္တရားနှင့် အင်အားအသုံးပြုခွင့်နည်းပါးသည့်အတွက် အဓိက ရေကြီးရေလျှံ ဖြစ်ပေါ်စေနိုင်သော ၉ နေရာတွင်သာ အဓိကထား လုပ်ဆောင်နေသည်ဟု ချောင်းရှင်းလင်းရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက KNG ကို ပြောသည်။

အရင်နှစ်တွေထက်စာရင် ၂၀ ရာခိုင်နှုန်းလောက်တောင် မပြီးနိုင်ဘူးလို့ ဆိုရမယ်ဖြစ်တယ်။ ဘာလို့လဲဆိုတော့ အရင်တုန်းကတော့ အစိုးရဆိုတဲ့ ခေါင်းအောက်မှာသွားပြီး လုပ်ရတာဖြစ်တဲ့အတွက် ပိုပြီးထိရောက်တယ်လို့ မြင်တယ်။ အခုက စစ်ကောင်စီလက်အောက်မှာ လုပ်ရတာဖြစ်တဲ့အတွက် ဒေသခံတွေလည်း ပူးပေါင်းပါဝင်တဲ့နေရာမှာ စိုးရိမ်မှုတွေဖြစ်ရတယ်ဟုပြောသည်။

ဥရုချောင်းရှင်းလင်းရေးအတွက် စစ်ကောင်စီထံ နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ထံလည်း ခွင့်ပြုချက် တောင်းခံရသည်ဟု ပြောဆိုသည်။ ထို့ကြောင့် ချောင်းရှင်းလင်းရေးတွင်ပါဝင်မည့် လူဦးရေစာရင်းနှင့် စက်ယန္တရားစာရင်းများကို စစ်ကောင်စီထံ တင်ပြထားရကြောင်းလည်း သိရသည်။ 

ရှင်းလင်းရေးလုပ်ငန်းစဉ်များကို ဥရုမြစ်ချောင်းအထက်ပိုင်းလုံခင်း၊ ဆန်ခါ၊ မာဆာ၊ မှော်ဆီဆာ ကျေးရွာများ၊ အောက်ဘက်ခြမ်းတွင် ဘူတေး၊ အေးမြသာယာ၊ မှော်သောင်း၊ ဆန်းကြွယ်၊ ရှရော်ခ၊ ဂွေခါ၊ မှော်ရှန်၊ မမုံ၊ မက်လင်ချောင်၊ နမ့်မှော် စသည့် မြစ်ဆုံနေရာများတွင် လုပ်ဆောင်ရန် သတ်မှတ်ထားပြီး လက်ရှိတွင် ဂွေခါ၊ မှော်သောင်း၊ ဆန်းကြွယ်၊ ရှရှော်ခနှင့် စပျစ်ခူးနေရာတွင် ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သည်ဟု သိရသည်။

ချောင်းရှင်းလင်းရေးတွင် အသုံးပြုနေသည့် စက်ယန္တရားများကို ဖားကန့်ကျောက်စိမ်းရုံးမှ ဘက်ဟိုး အစီး ၂၀ နှင့် ကားအစီး ၄၀ ဌားရမ်းပေးပြီး စစ်ကောင်စီ ဖားကန့်မြို့နယ်စီမံခန့်ခွဲရေးအဖွဲ့၏ ညွန်ကြားမှုဖြင့် လုပ်ဆောင်နေကြောင်း တာဝန်ရှိသူများက ပြောသည်။

ဥရုချောင်းရှင်းလင်းရေးကို ယခုနှစ်တွင် ယခင်နှစ်များ၏ ပြီးစီးမှု ၂၀ ရာခိုင်နှုန်းသာ လုပ်ဆောင်နိုင်ခဲ့ခြင်းဖြစ်ပြီး လုပ်ငန်းဆောင်ရွက်ရန် သတ်မှတ်ထားသည့် ၉ နေရာတွင် ၈၀ ရာခိုင်နှုန်း ရှင်းလင်းဆောင်ရွက်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။

ဥရုချောင်းသည် ပုံမှန်ရှင်းလင်းနေရသော်လည်း ထိရောက်မှုမရှိသောကြောင့် ဝေဖန်မှုများလည်း ရှိနေသည်။

သူတို့က အစိုးရအဆက်ဆက်တော့ လုပ်နေကြတာပဲ။ ကြည့်ရသလောက်က ခေါင်းစဉ်ရှာပြီး အကျိုးတူလုပ်နေကြတာပဲလို့ပဲ မြင်တယ်။ ဘာလို့လဲဆိုတော့ နှစ်ပေါင်း ၃၀ လောက်ကြာသွားပြီဖြစ်တဲ့ မြေစာပုံတွေက အဲ့လို ဘက်ဟိုးစက် တတ်နိုင်သလောက်နဲ့ လုပ်နေလို့အဆင်ပြေမှာမဟုတ်ဘူး။ သူတို့က မြေစာပုံတွေကို ဘက်ဟိုးနဲ့ အရာထင်အောင် လိုက်လုပ်နေတဲ့သဘောလောက်ပဲရှိတာဟု ဖားကန့် ဒေသခံတစ်ဦးက သုံးသပ်ပြောဆိုသည်။

ဖားကန့် ဥရုချောင်းသည် အစိုးရအဆက်ဆက် နှစ်ပေါင်း ၃၀ ဝန်းကျင်အထိ အကျိုးတူ ကျောက်စိမ်းတူးဖော်ခဲ့သော ဒေသတစ်ခုဖြစ်သည့်သာမက မြေစာပုံရွံ့စေမြေများသည်လည်း ချင်းတွင်းမြစ်အထိ ပေ ၁၀၀ ဝန်းကျင်အထိနက်သွားပြီ ဖြစ်သောကြောင့် စီမံကိန်းကြီးတစ်ခုအနေဖြင့် နှစ်ရှည် ရှင်းလင်းဆောင်ရွက်ရန် လိုအပ်သည်ဟု သုံးသပ် ပြောဆိုထားသည်။

နှစ်စဉ် ဥရုချောင်း ရေကြီးရေလျှံဖြစ်ပေါ်နေခြင်းသည် ခေတ်အဆက်ဆက် ကျောက်စိမ်းတူးဖော်သည့် ကျောက်စိမ်းကုမ္ပဏီများ မြေစာပုံများကို စနစ်တကျစွန့်ပစ်ခြင်းမရှိသလို တာဝန်ရှိသူများအနေဖြင့်လည်း ကြပ်မတ်လုပ်ဆောင်ပေးခဲ့ခြင်းမရှိသည့်အတွက် ဖားကန့်ဒေသခံပြည်သူများသည် နှစ်စဉ် ရေကြီးရေလျှံ ဖြစ်ပေါ်နေရခြင်းဖြစ်သည်ဟု သတင်းအရင်းအမြစ်များက ပြောသည်။

၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ်အထိ ၂ နှစ်တာ ကာလအတွင်း ဥရုချောင်းရှင်းလင်းရေး လုပ်ဆောင်နိုင်ခြင်းမရှိခဲ့ဘဲ ယခုနှစ်မှ ပြန်လည်လုပ်ဆောင်ခဲ့ခြင်းလည်း ဖြစ်သည်။

Show More

Related Articles

Back to top button