တိုက်ပွဲသတင်း

ဗန်းမောက် တစ်ပတ်တာတိုက်ပွဲတွင် စစ်ကောင်စီတပ် ဗိုလ်တစ်ဦးအပါအဝင် ၄၀ ခန့်သေဆုံး

စစ်ကိုင်းကချင်နယ်စပ် ဗန်းမောက်မြို့နယ်တွင် စစ်ကောင်စီ ပူးပေါင်းတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA၊PDF ပူးပေါင်းတပ်တို့ကြား တစ်ပတ်တာ တိုက်ပွဲတွင် စစ်တပ်ဘက်မှ ဗိုလ်တစ်ဦးအပါအဝင် အကျအဆုံး ၄၀ ဝန်းကျင်ထိ ရှိခဲ့ကြောင်း သိရသည်။

တိုက်ပွဲကတော့ မနေ့ကထိဖြစ်နေတာ နားလိုက်ဖြစ်လိုက်နဲ့ တစ်ပတ်ကျော်ပြီ။ မနေ့ကဆို သူတို့ဘက်ကအထိနာတော့ ည ၉ နာရီလောက်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့သေးတယ်။ သူတို့ဘက်က ဒီတိုက်ပွဲမှာ ၄၀ ထက်မနည်း ကျဆုံးနိုင်တယ်။ ကျနော်တို့ဘက်ကလည်း ထိခိုက်ကျဆုံးမူတွေရှိတယ်။ အတည်တော့မပြုနိုင်သေးဘူးဟု Banmauk Revolution-BR အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

မေလ ၁၈ ရက်နေ့မှ စတင်ပြီး မေလ၂၅ ရက်နေ့အထိ ကြောင်လည်ကျေးရွာအနီးတစ်ဝိုက်တွင် ပြင်းထန်စွာ ဖြစ်ပွားခဲ့သောတိုက်ပွဲတွင် စစ်ကောင်စီ နှင့် SNA ပူးပေါင်းတပ်များတပ်စွဲထားသော စခန်းကို KIA နှင့် PDF ဘက်မှ သိမ်းပိုက်နိုင်ခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ထို့နောက် မေလ ၂၅ ရက်နေ့ စစ်တပ်မှ ဂျက်ဖိုက်တာဖြင့် လာရောက်ဗုံးကြဲခဲ့သောကြောင့် အရပ်သားပြည်သူ ၂ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူလည်း ရှိကြောင်း ဗန်းမောက်ပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူက ပြောသည်။

လေယာဥ်ဗုံးကြဲမူက နောင်ကန်နားတစ်ဝိုက်ကိုကျတယ် အရပ်သားနှစ်ဦးသေဆုံးတယ် နောင်ကန်ကျေးရွာသားနှစ်ဦးပါ ၆၆နှစ်နဲ့၃၃နှစ်ရှိပြီလို့သိရပါတယ်ဟု ဆိုသည်။

လက်ရှိတွင် ကျန်ရှိသော စစ်ကောင်စီ ပူးပေါင်းတပ်အဖွဲ့များသည် ကြောင်လည်ကျေးရွာအနီးရှိ ဘုရားတောင်တွင် တပ်စွဲထားသည်ဟု Banmauk Revolution-BR အဖွဲ့က ယမန်နေ့က သတင်းထုတ်ပြန်ခဲ့သည်။

အင်းတော်မြို့နယ် မှ ဗန်းမောက်ဘက်သို့ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီ စစ်ကြောင်းကိုလည်း ABSDF တပ်မှ မေလ ၂၂ ရက် နှင့် မေလ ၂၃ ရက် နှစ်ရက်ဆက်တိုက် ဖြတ်တောက်တိုက်ခိုက်နေသောကြောင့် လက်ရှိချိန်ထိလည်း အင်းတော် – ဗန်းမောက်လမ်းတွင် စစ်ရေးတင်းမာနေဆဲ ဖြစ်သည်။

စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှစပြီး ဗန်းမောက်မြို့နယ်သို့ ရိက္ခာသယ်ယူခွင့်ကို စစ်တပ်က ကန့်သတ်ခဲ့သည်။

ယင်းကဲ့သို့ ကန့်သတ်လိုက်သည့်နောက် ဈေးဆိုင်များရှိ လက်ကျန်ကုန်ပစ္စည်းများ ဈေးနှုန်းမြင့်တက်နေပြီး အချို့ဆိုင်များတွင် ပစ္စည်းပြတ်လပ်သွားကာ ဈေးဆိုင်များ ပိတ်ခဲ့ရသည်။

လက်ရှိတွင် မိုဘိုင်းဖုန်းဘေလ်များ ဝယ်၍မရတော့သည့်အပြင် စက်သုံးဆီများလည်း ပြတ်လပ်နေကာ ကြက်ဥတစ်လုံးလျှင် ကျပ် ၅၀၀၊ ဝက်သားတစ်ပိဿာကျပ် ၃ သောင်း၊ ကြက်သား တစ်ပိဿာ ၂ သောင်းဝန်းကျင်အထိပေးကာ ဝယ်နေရကြောင်း ဒေသခံများက ပြောသည်။

ထို့ကြောင့် မေလ ၅ ရက်နေ့မှစပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်တော့မည်ဖြစ်သဖြင့် မြို့နေပြည်သူများအား တိမ်းရှောင်ရန် ဗန်းမောက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သတိပေးခဲ့သည်။

ဟုတ်တယ် မေလ လဆန်းပိုင်းမှာ သတိပေးခဲ့တာ။ ဒီလိုတိုက်ပွဲတွေ ပြင်းထန်လာမှာစိုးလို့ သတိပေးခဲ့တာဟု ဗန်းမောက်ပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူက ပြောသည်။

ယခုလို နှစ်ဖက်တိုက်ပွဲပြင်းထန်နေခြင်းကြောင့် ဗန်းမောက်မြို့နယ်ရှိ မံစီကြီး၊ မံလွန်၊ ကံကြီးကုန်း၊ ကြောင်လည်၊ နားပင်၊ မံထွန်ကျေးရွာများမှ ဒေသခံ ၅၀၀၀ ထက်မနည်းဘေးလွှတ်ရာသို့ထွက်ပြေးတိမ်းရှောင် နေကြရသည်ဟု Banmauk Revolution-BR အဖွဲ့ထံမှ သိရသည်။

၂၀၀၄ သန်းခေါင်စရင်းအရ ဗန်းမောက်မြို့နယ်တွင် လူဦးရေ ၂ သိန်းဝန်းကျင်နေထိုင်သည့် မြို့နယ်တစ်ခုဖြစ်သည်။

ဗန်းမောက်မြို့ အနောက်ဘက်ခြမ်းမှ ကျေးရွာများတွင် စစ်ကောင်စီတပ်  SNA ပူးပေါင်းတပ် နှင့် KIA  PDF ပူးပေါင်းတပ်တို့အကြား တိုက်ပွဲကြောင့် မကြာခန ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ဗန်းမောက်မြို့နယ်သည် စစ်အုပ်ချုပ်ရေးစနစ် ထုတ်ပြန်ခံထားရသည့် မြို့နယ်ဖြစ်သည့်အပြင် ဖုန်းအင်တာနက်လိုင်း ဖြတ်တောက်ခံထားရသည်မှာ ၂ နှစ်နီးပါး ရှိလာပြီဖြစ်သည်။

ထို့အပြင် လက်ရှိချိန်ထိလည်း စစ်ရေးတင်းမာနေဆဲဖြစ်ကြောင်း ဗန်းမောက်ပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူက ပြောသည်။

Show More

Related Articles

Back to top button