စစ်ပြေးဒုက္ခသည်များသတင်း

ကျွန်းလှနယ်တွင် စစ်ကြောင်းထိုးနေသဖြင့် ဒေသခံ တစ်သောင်းကျော် ထွက်းပြေးတိမ်းရှောင်နေရ

စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့နယ်ရှိ ကုက္ကိုကုန်း နှင့် လွှတ်တိုက်ကျေးရွာ နှစ်ရွာတွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်ပြီး ကျေးရွာမီးရှို့ဖျက်ဆီးမှုများရှိနေသောကြောင့်  ကျေးရွာ ၁၀ ကျော်မှ ဒေသခံတစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများ အဖွဲ့ ထံမှသိရသည်။

ယနေ့နံနက်ပိုင်း ၇နာရီမှစတင်၍ ကုက္ကိုကုန်းကျေးရွာကိုမီးရှို့ခဲ့ပြီးနောက် ရွာချင်းဆက်ဖြစ်သည့် လွှတ်တိုက်ကျေးရွာကိုပါ ထပ်မံဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့သည်ဟု မြေပြင်ရှိကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက KNG ကိုဆိုသည်။

လက်ရှိအထိတော့ ရွာလုံးကျွတ်အနေအထားတော့မဟုတ်ပါဘူး။ စစ်ကြောင်းကလည်း လွှတ်တိုက်ရွာထဲမှာပဲဆိုတော့ ဒေသခံ၁သောင်းကျော်လောက်ထွက်ပြေးနေရတယ်ဟုပြောသည်။

ပြီးခဲ့သော ဧပြီလအတွင်း ကျွန်းလှနှင့် ကန့်ဘလူ မြို့နယ် ၂ ခုပေါင်း ဖွင့်လှစ်ထားသော စစ်ဘေးရှောင်စခန်းတစ်ခု

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့သည် မေလ၂၄ ရက်နေ့မှစပြီး ကျွန်းလှမြို့နယ်ဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်လာကြောင်း သတင်းရရှိထားသည့်အတွက် ဒေသခံပြည်သူများ ကြိုတင်တိမ်းရှောင်မှုများရှိခဲ့သည်ဟုသိရသည်။

ဒေသခံတွေကတော့ စစ်ကြောင်းရောက်နေကတည်းက ပြေးဖို့ကြိုပြင်ဆင်ထားတော့ သူတို့စစ်ကြောင်းဝင် တော့ထွက်ပြေးတိမ်းရှောင်နိုင်ခဲ့ပါတယ်။ အခုထိကြားရတာတော့ ဒေသခံတွေဘေးကင်းပါတယ်ဟုကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ကတာဝန်ရှိသူတစ်ဦးကဆိုသည်။

လက်ရှိ ကျွန်းလှနယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်နေသည့် စစ်ကောင်စီတပ်ဖွဲ့သည်  ခမရ ၃၆၁ နှင့် ပျူစောထီးပူးပေါင်းအဖွဲ့အပါအဝင် စစ်အင်အား၂၀၀ ဝန်းကျင်အထိရှိကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးနေသည့် ကုက္ကိုကုန်း နှင့် လွှတ်တိုက်ကျေးရွာနှစ်ရွာသည် ယခင်က စစ်ကြောင်းထိုး ဝင်ရောက်မှုမရှိခဲ့ဘဲ ယခုအကြိမ်သည် ပထမအကြိမ်ဖြစ်သည်ဟု သတင်းအရင်းအမြစ်များကပြောသည်။

ထိုသို့ စစ်ကြောင်းထိုး ဝင်ရောက်မှုကြောင့် တောင်ယာဆိပ်၊ တကုန်း၊ ကုက္ကိုကုန်း၊ သံပုရာပင်စု၊ မြဘုံသာ၊ လွှတ်တိုက်၊ အောင်သာယာ၊ မဒေါင်၊ ဆွဲလှဲ၊ တင်ငုတ်ကြီး၊ မြင်သာဦး၊ သရက်တော၊ အောင်ရန်ကင်း တို့ဖြစ်ကြောင်းသိရသည်။

ထို့နောက် ကျွန်းလှမြို့နယ်အစပ်ရှိသော ကန့်ဘလူ မြို့နယ်အတွင်းမှ လက်ခုပ်ပင်၊ ညောင်ကုန်းနှင့် ကောလင်းမြို့နယ်အတွင်းမှ အောင်ချမ်းသာကျေးရွာ စသည့်ကျေးရွာ များပါဝင်ပြီး လက်ရှိတွင် စစ်ဘေးကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေသည့် ဒေသခံပြည်သူများ တစ်သောင်းကျော်အထိရှိနေကြောင်း ဒေသခံများပြောဆိုသည်။

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ် မေလ ၈ ရက်နေ့ထိ စစ်ဘေးရှောင်ပြည်သူ ၂ သန်းကျော်ရှိလာပြီဖြစ်ကြောင်း ISP Myanmar က ထုတ်ပြန်ထားသည်။

Show More

Related Articles

Back to top button