ဖားကန့် ဥရုခတည်းခိုခန်းတွင် ဖမ်းဆီးခံရသည့် ၅ ဦးအနက် ၄ ဦးလွတ်မြောက်လာ
ဖားကန့်မြို့ လုံးခင်းကျေးရွာရှိ ဥရုခ(Uru Hka)တည်းခိုခန်းတွင် မေလ ၂၄ ရက်နေ့ စစ်ကောင်စီ ဖမ်းဆီးသွားသည့် အမျိုးသား ၅ ဦးအနက် ၄ ဦးလွတ်မြောက်လာပြီဖြစ်ကြောင်း ဒေသခံများမှ သိရသည်။
ဖမ်းဆီးခံရသည့် အမျိုးသား ၅ ဦးအနက် ၄ ဦးသည် မေလ ၂၈ ရက်နေ့ တွင် ပြန်လည်လွတ်မြောက်ခဲ့သည်ဟု ဖားကန့်ဒေသခံတစ်ဦးက KNG ကိုပြောသည်။
“ဖမ်းသွားတာ အားလုံး ၅ ယောက်ထဲကနေ ၄ယောက်ကိုပြန်လွတ်ပေးလာတယ်။ ကျန်တဲ့တစ်ယောက်ကတော့ ကာကွယ်ရေးအဖွဲ့တွေနဲ့ ပတ်သက်ဆက်နွယ်မှုရှိတယ်ဆိုလားဘဲ အဲကြောင့် ပြန်မလွတ်တာတဲ့”ဟုပြောသည်။
စစ်ကောင်စီတပ် ခလရ ၇၆ တပ်နှင့် ရဲတပ်ဖွဲ့များအပါ စစ်အင်အား ၆၀ ဝန်းကျင်သည် မေလ ၂၄ ရက်နေ့ နံနက်ပိုင်း ၃ နာရီဝန်းကျင် ဥရုခတည်းခိုခန်းကို ဝင်ရောက်စီးနင်းခဲ့ပြီး အခန်းနံပါတ် ၂၀၃ ၊ ၂၀၇ စသည့် နေရာများမှ အမျိုးသား ၅ ဦးကို ဖမ်းဆီးသွားခြင်းဖြစ်သည်။
အဆိုပါ ဥရုခတည်းခိုခန်းအား ဝင်ရောက်စီးနင်းခံရချိန်တွင် စစ်ကောင်စီတပ်ဖွဲ့သည် တည်းခိုခန်းအတွင်း အားလုံး စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ပြီးနောက် အဆိုပါ အမျိုးသား ၅ ဦးသာ မသင်္ကာမှုဖြင့် ဖမ်းဆီးသွားကြောင်း သိရသည်။
ဖမ်းဆီးခံရသူများသည် အသက် ၄၀ နှစ်အရွယ် ဦးအိုက်ပီးနှင့် ဦးအိုက်မြင့်မောင် နှင့် အသက် ၂၀ ဝန်းကျင်ရှိသူ ကိုဆိုင်းထွယ်နော်၊ အသက် ၃၀ နှစ်အရွယ် အမျိုးသား ၂ ဦးတို့ဖြစ်ကြပြီး ထို ၅ ဦးထဲမှ ကိုဆိုင်းထွယ်နော် ဆိုသူသည် ဖမ်းဆီးခံထားရဆဲဖြစ်သည်ဟုသိရသည်။
ဖားကန့်ဒေသတွင် မတ်လအတွင်းမှ စတင်၍ စစ်ကောင်စီတပ်ဖွဲ့များက ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ PDF တပ်ဖွဲ့ဝင်များနှင့် ဆက်နွယ်မှုရှိသည်ဟု ယူဆရသည့် သူများ၊ အရပ်သားပြည်သူများမကျန် အစုလိုက်အပြုံလိုက် ဖမ်းဆီးမှုများလုပ်ဆောင်နေသဖြင့် အများပြည်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြရန် ဖားကန့် ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယခုလို ပြောဆိုသည်။
“ဖားကန့်မှာက လူစုံတယ် ဘယ်ဟာကစစ်သားလဲ ဘယ်ဟာက အရပ်သားလဲမသိဘူး။ စစ်သားတွေကလဲ အရပ်ဝတ်နဲ့လျှောက်သွားနေကြတာ အဲတော့ ဘယ်သူ့ကိုမှ ယုံလို့မရဘူး အဲကြောင့် တော်လှန်ရေးလုပ်နေတဲ့သူတွေအနေနဲ့ ကိုယ်ဘယ်သူဘယ်ဝါဖြစ်တယ်။ကိုယ်ဘယ်နေရာမှာရှိတယ်ဆိုတာကိုလည်း ဘယ်လောက်ဘဲရင်းနှီးမပြောတာအကောင်းဆုံးဘဲ”ဟုပြောသည်။
ထို့နောက် ဖားကန့်တွင် ဖမ်းဆီးမှု၊ သတ်ဖြတ်မှုနှင့် ပစ်ခတ်မှုများ နေ့စဉ်ဖြစ်ပေါ်နေပြီး မေလ ၂၅ ရက်နေ့တွင်လည်း မော်ဝမ်းရပ်ကွက်တွင် အမျိုးသား ၂ ဦးနှင့်အတူ ကျောက်စိမ်းရိုင်းတုံးများအား စစ်ကောင်စီတပ်မှ ဖမ်းဆီးသွားသည့် ဖြစ်စဉ်ရှိခဲ့သည်။
မေလ ၂၇ ရက်နေ့တွင်လည်း မော်ဝမ်းနှင့် မော်မောင်းလယာန် ရပ်ကွက် ၂ ခုကြားတွင်ရှိသည့် ကျောက်စိမ်းလုပ်ကွက်တစ်ခုတွင် စစ်ကောင်စီ ဝင်ရောက်စီးနင်းခဲ့ပြီး ရေမဆေးသမား ၂၀ ဦးဖမ်းဆီးခံရမှုရှိခဲ့သည်။
ယခုနှစ် မတ်လအတွင်းမှ ဖားကန့်ဒေသတွင် စစ်ကောင်စီတပ်ဖွဲ့ အရပ်သားပြည်သူများကို အစုလိုက်အပြုံလိုက် ဖမ်းဆီးမှုများဆက်တိုက်လုပ်ဆောင်နေသောကြောင့် ဖမ်းဆီးခံရသူ ၄၀၀ ဝန်းကျင်အထိ ရှိလာပြီဖြစ်သည်ဟု သိရသည်။