ဝက်လက်တွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးသဖြင့် ဒေသခံ ၅ထောင်ခန့်ထွက်ပြေးနေရ
စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ်ရှိ ကျေးရွာ ၁၀ ရွာအတွင်းသို့ စစ်ကောင်စီတပ် ဝင်ရောက်လာသောကြောင့် ဒေသခံ ၅ ထောင်ဝန်းကျင် ဘေးလွှတ်ရာသို့ ထွက်ပြေးနေကြရသည်ဟု သိရသည်။
မေလ ၃၁ ရက်နေ့ ရွှေဘိုမြို့နယ် ကျောက်မြောင်းကျေးရွာမှ ထွက်ခွာလာသော စစ်အင်အား ၅၀ ခန့်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် မေလ ၂၁ ရက်နေ့ရောက်ရှိနေသော စစ်ကောင်စီအဖွဲ့များသည် ဝက်လက်နယ်ရှိကျေးရွာများသို့ စစ်ကြောင်းထိုးနေကြောင်း Wetlet Informational Network အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက KNG ကို ပြောဆိုသည်။
“စစ်ကြောင်းက နှစ်ကြောင်းပေါင်းပြီးဝင်နေတာ ဒေသခံတွေက ကြိုတင်ထွက်ပြေးကြတော့ ဖမ်းခံရတာတော့မရှိသေးဘူး။ အနည်းဆုံးတော့ပြေးနေရတဲ့ပြည်သူ လူဦးရေ ၅ထောင်လောက်ရှိမယ်”ဟုWetlet Informational Network အဖွဲ့မှတာဝန်ရှိသူတစ်ဦးက ပြောသည်။
ထွက်ပြေးနေရသည့်ကျေးရွာများမှာ သခွတ္တော၊ ကုန်းကြီး၊ အောင်ချမ်းသာ၊ မင်းကုန်း၊ သရိုင်၊ စမွန်း၊ မှတ်ထိ၊ စတောင်ကြီး၊ ဆားတောင်ကြီး၊ ညောင်ပင်တွင်း စသည့်ကျေးရွာများဖြစ်သည်။
ဒေသခံစစ်ဘေးရှောင်များသည် လက်ရှိတွင် စစ်ကြောင်းနှင့်ဝေးရာ ကျေးရွာများမှ ဘုန်းကြီးကျောင်း၊ ဇရပ်၊ စာသင်ကျောင်းများတွင် ခိုလှုံနေကြရပြီး စားနပ်ရိက္ခာအရေးပေါ်လိုအပ်နေသည်ဟု စစ်ဘေးရှောင်ကူညီနေသူ တစ်ဦးက ဆိုသည်။
“ဒီမှာစစ်ဘေးရှောင်ရပြီဆိုရင်တော့ စားနပ်ရိက္ခာလိုအပ်တာပေါ့။ တစ်ရက်နှစ်ရက်ကတော့အဆင်ပြေပေမဲ့ ရက်ရှည်လာတာနဲ့အမျှ ပိုခက်ခဲလာတယ်။ ဒီကာလမှာဆို မြွေကပေါတော့ မြွေဆိပ်ဖြေဆေးတွေကြိုပြင်ရတာတွေရှိတယ်။ အဓိကကတော့ စားနပ်ရိက္ခာနဲ့ဆေးဝါးအကူညီပေးကြပါအုံးလို့ပြောချင်ပါတယ်”ဟုပြောသည်။
စစ်ကောင်စီတပ်သည် ဝက်လက်မြို့နယ်အရှေ့ခြမ်းရှိကျေးရွာများကို အာဏာသိမ်းစတွင် မကြာခဏ စစ်ကြောင်းဖြင့် ဝင်ရောက်လေ့ရှိခဲ့ပြီး စစ်ကြောင်းထိုးဝင်ရောက်ခြင်းမရှိတာ ၄လခန့်ကြာမြှင့်လာပြီဖြစ်ပြီး အခုတစ်ကြိမ်မှာ ပထမဆုံးစစ်ကြောင်း ပြန်ထိုးနေခြင်းဖြစ်သည်ဟု Wetlet Informational Network အဖွဲ့ထံမှသိရသည်။
အဆိုပါ စစ်ကြောင်းနှစ်ကြောင်းသည် လက်ရှိတွင် ရွာချင်းကပ်လျှက်ဖြစ်သည့် သရိုင်ကျေးရွာနှင့်မင်းကြီးကုန်း ကျေးရွာတို့တွင် တပ်စွဲထားသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဆိုသည်။
စစ်ကောင်စီစစ်ကြောင်းနှစ်ကြောင်းသည် ခမရ ၁၂ နှင့် တပ်မ ၉၉ လက်အောက်ခံတပ်ဖွဲ့ များဖြစ်ကြောင်း သိရသည်။