စစ်ပြေးဒုက္ခသည်များသတင်း

နေရပ်ပြန် ရွှေကူစစ်ရှောင်ကျေးရွာများတွင် စစ်တပ်ဝင်လာသဖြင့် ထပ်မံ ထွက်ပြေးနေရ

တိုက်ပွဲငြိမ်သက်သဖြင့် နေရပ်ပြန်သော ရွှေကူမြို့ အရှေ့တောင်ဘက်ခြမ်းရှိ ဒေသခံများသည် လက်ရှိတွင် စစ်ကောင်စီ စစ်ကြောင်းပြန်လည်ဝင်ရောက်လာမှုကြောင့် ထပ်မံထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

စစ်ကောင်စီတပ် အင်အား ၈၀ ကျော်ပါသောစစ်ကြောင်းသည် မေလ ၂၉ ရက်နေ့ညပိုင်းက ရွှေကူမြို့နယ်၏ ငအိုးဘက်သို့ ဝင်ရောက်လာသောကြောင့် ပြန်လည်ထူထောင်ရေးလုပ်နေသည့် ရွှေကူမြို့ အရှေ့တောင်ဘက်ခြမ်းရှိ စစ်ဘေးရှောင်ရွာ ၁၂ ရွာမှ နန့်လန်၊ နောင်လတ်ကြီး၊ ဝင်ဝ စသည့် ကျေးရွာသုံးရွာမှ ပြည်သူများ ထွက်ပြေးနေရခြင်း ဖြစ်သည်။

ဒီဘက်စစ်ရှောင်နေတဲ့ ရွာတွေက အခုအားလုံးနီးပါး ပြန်ဝင်နေကြပြီလေ ဒါပေမယ့်စစ်ကြောင်းဝင်လာတော့ တချို့ရွာတွေထွက်ကြေးနေကြရတယ် သူတို့ဖြတ်သွားတဲ့ လမ်းကြောင်းက ရွာတွေပြန်ပြေးနေကြတယ်ဟုနေရပ်ပြန် ကျေးရွာတစ်ခုဖြစ်သော စီသာကျေးရွာမှ စစ်ရှောင် အမျိုးသားတစ်ဦးက ပြောသည်။

ယခုလို တဖန်ထွက်ပြေးနေရသော နောင်လတ်ကြီး၊ နန့်လန်နဲ့ ဝင်ဝ ကျေးရွာများသည် အိမ်ခြေ ၁၀၀ ကျော်ရှိသည့်ကျေးရွာများဖြစ်ပြီး လူဦးရေအားဖြင့် ၁၀၀၀ ကျော်ရှိကာ တောတောင်များတွင် ထပ်မံထွက်ပြေးနေရကြောင်း သိရသည်။

နန့်လတ်၊ နောင်လတ်ကြီး၊ ဝင်ဝကျေးရွာများအပါအဝင် စီမူလေး၊ စီမူကြီး၊ မံဝင်း၊ စီသာ၊ စီသောင်စသည့်ကျေးရွာပေါင်း ၁၂ ရွာကို စစ်ကောင်စီတပ်က ပြီးခဲ့သည့် မတ်လ ၂၀ ကျော်တွင်ဝင်ရောက်မီးရှို့ခဲ့သောကြောင့် လက်ရှိအချိန်ထိ ကျေးရွာ ၁၂ ရွာမှ ပြည် ၈၀၀၀ နီးပါးသည် အိုးမဲ့အိမ်မဲ့ဖြစ်နေဆဲဖြစ်သည်။

ထို့နောက် တိုက်ပွဲငြိမ်သက်သဖြင့် အဆိုပါဒေသခံများသည် ယခုနှစ် မေလတွင် နေရပ်ပြန်ရာမှ ယခုတွင် ကျေးရွာ ၃ ရွာ ပြန်လည်ထွက်ပြေးနေရခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် စစ်တပ်မှ အာဏာသိမ်းပြီးနောက် မေလ ၈ ရက်နေ့အထိ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြရသည့် စစ်ဘေးရှောင် ၂ သန်းကျော်ရှိလာပြီဖြစ်ကြောင်း ISP Myanmar က ထုတ်ပြန်ထားသည်။

Show More

Related Articles

Back to top button