မြေယာနှင့် သဘာဝပတ်ဝန်းကျင်သတင်း

ဒေသခံများကန့်ကွက်နေသည့်ကြား မြေရှားတူးဖော်ရန် KIO အစိုးရ ပြင်ဆင်နေ

ချီဖွေမြို့နယ် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၇ ဌာနချုပ် ဖရေး (Hpare) ကျေးရွာအတွင်းထိ မြေရှားတူးဖော်ဝင်လာမှုအား ဒေသခံများ ကန့်ကွက်နေသည့်ကြား ဆက်လက်တူးဖော်ရန် KIO အစိုးရ ပြင်ဆင်နေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ဖရဲကျေးရွာအနီးတစ်ဝိုက် တောင်ကြောတစ်လျှောက် KIO အစိုးရ၏ ခွင့်ပြုချက်ဖြင့် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်မှစပြီး စီးပွားရေးလုပ်ငန်းရှင်များမှ မြေရှားတူးဖော်လာခဲ့ရာ ၂၀၂၃ ခုနှစ်မှစပြီး Hpare ရွာနယ်မြေအတွင်းသို့ ဆက်လက်တူးဖော် ဝင်ရောက်လာသောကြောင့် ဧပြီလမှစပြီး ဒေသခံများသည် စာဖြင့်သော်လည်းကောင်း၊ စကားဖြင့်သော်လည်းကောင်း အကြိမ်ကြိမ် ကန့်ကွက်ခဲ့ကြောင်း သိရသည်။

သို့သော်  KIO ဘက်မှဆက်ပြီးတူးဖော်ရန် ပြင်ဆင်နေသောကြောင့် မေလ ၃၀ ရက်နေ့တွင် ဒေသခံပြည်သူအချို့နှင့်  မြေရှားသတ္တုတူးဖော်မှုတွင် ဦးဆောင်နေသူများအား တွေ့ဆုံညှိနှိုင်းဆွေးနွေးရာ KIO ဘက်မှ ဗဟိုအစိုးရအမိန့်ဖြစ်သောကြောင့် တူးဖော်ရန်အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

သူက ကျေးရွာအနီးအဝေး ပတ်ဝန်းကျင်တလျှောက်က အားလုံးတူးဖော်ပြီးသွားပြီဟုတ်တယ်။ အခုက ကျေးရွာအထဲဘက်က မတူးသေးတာဖြစ်တယ်။ ရွာအပြင်က တူးပြီး ရွာထဲရေစီးဝင်တဲ့ဘက် မျက်နှာမူတူးဖော်လာလို့ ရွာသားတွေက မတူးဖော်ဖို့ပြောနေကြတာဟုတ်တယ်။ ၀ ဘက်ကလုပ်ငန်းရှင်တွေက မြေရှားတူးဖို့စောင့်ကို လာစောင့်နေကြတာ ၁ နှစ်လောက်တောင်ရှိပြီ။

Hpare ကျေးရွာအနီး မြေရှားတူးဖော်ရာတွင် KIO အစိုးရနှင့် ၀ ပူးပေါင်းပြီး တူးဖော်နေခြင်းဖြစ်ပြီး ဇွန်လ နောက်ဆုံးအပတ် ဝန်းကျင်တွင် ရွာမြေဖြစ်သည့် ကျေးရွာအဝင်တစ်လျှောက် နေရာများတွင်တူးဖော်ခဲ့ပြီး လက်ရှိရွာတွင်းတူးဖော်ရန် ပြင်ဆင်နေကြောင်း သိရသည်။ ဒေသခံများ၏ ပြောဆိုချက်အရ အဆိုပါမြေရှားသတ္တုတူးဖော်မှုအတွက် ဆွေးနွေးညှိနှိုင်းစဉ်ကတည်းကပင် ဒေသခံများကန့်ကွက်နေခဲ့သော်လည်း KIA အနေဖြင့် လုံခြုံရေးယူပေးကာ တူးဖော်ဖို့ ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။

ဒေသခံများသည် ယခုကဲ့သို့မြေရှားတူးဖော်မှုအား ကန့်ကွက်နေခြင်းသည် မြေရှားသတ္တုတူးဖော်ရာတွင် အသုံးပြုသည့် အက်ဆစ်ဓာတုဆေးများကြောင့် ဒေသတွင်း စိုက်ပျိုး၊ မွေးမြူရေးအပြင် အနာဂတ် ကလေးငယ်များအတွက် ကြုံတွေ့လာနိုင်သည့် သဘောဝပတ်ဝန်းကျင်ပျက်စီးမှုနှင့် အသက်ရှင်သန်နေထိုင်ရေးတွင် အဆိပ်သင့်မည်ကို စိုးရိမ်ကြောင်း ဒေသခံများက ပြောသည်။

Hpare ကျေးရွာသည် ချီဖွေမြို့မှတစ်ရက်အကြာ သွားလာရသည့်နေရာတွင် တည်ရှိပြီး တရုတ်ဖုန်းလိုင်းသာရရှိ​ပြီး၊ မြန်မာဖုန်းလိုင်း၊ အင်တာနက်မရရှိသော ဒေသဖြစ်သည်။

အလားတူ ကချင်ပြည်နယ်တွင် ပန်ဝါ နှင့် ချီဖွေဒေသတွင်လည်း စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်များ၏ စနစ်မကျသော မြေရှားသတ္တုတူးဖော်မှုများကို ဒေသခံများ အစွမ်းကုန်ကန့်ကွက်ခဲ့ကြသော်လည်း ဆက်ပြီးတူးဖော်နေဆဲဖြစ်သည်။

လက်ရှိပန်ဝါမြို့၏ အရှေ့မြောက်ဘက် KIA တပ်မဟာ ၇ စိုးမိုးရာနယ်မြေ သီးသန့်အုပ်ချူပ်နယ်မြေဖြစ်သည့် ဖရေးကျေးရွာနီး မြေရှားတူးဖော်မှုကိုမှု KIA ဘက်မှ တူးဖော်နေခြင်းဖြစ်သည်။

ထို့ကြောင့် ချီဖွေမြို့နယ်တွင် သဘာ၀သယံဇာတကို တူးဖော်နေသူများမှာ လက်နက်ကိုင်များသာဖြစ်သောကြောင့် မြေရှားသတ္တုတူးဖော်မှုကိုလည်း ကန့်ကွက်ရန် မလွယ်လှကြောင်း ချီဖွေဒေသခံတစ်ဦး KNG ကို ယခုလို ပြောသည်။

ဖရဲကျေးရွာမှာက ၂ နှစ်လောက်ရှိလာပြီ။ မြေရှားတူးဖော်နေတာ။ အရင်ကတော့ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တွေ ချီဖွေနဲ့ ပန်ဝါဒေသတွေမှာ တူးနေတာကို ကန့်ကွက်တဲ့လုပ်ငန်းတွေ အကြိမ်ကြိမ်တွေပြုလုပ်ကြတယ်။ အဲ့အချိန်တုန်းကတော့ KIA ဘက်က မတူးသေးဘူး။ ဘယ်သူ့ကို သွားကန့်ကွက် သွားပြောဖို့လည်း အားလုံးက လက်နက်ကိုင်ပြီးတူးနေကြတာဆိုတော့ တော်တော်ခက်တယ်။ မံစီဘက်တော့ ရွာသားတွေကိုယ်တိုင်လည်း အမြင်ဖွင့်တော့ အဲ့ဘက်ကတော့ ကန့်ကွက်နိုင်ကြတယ်။ ကျနော်တို့ဘက်ကတော့ ရွာသားတွေကိုယ်တိုင်ကလည်း အမြင်မပွင့်ဘူး။ ငွေရေးကြေးရေးခက်ခဲတော့လည်း ငွေလာပေးနုတ်ပိတ်ရင် ယူပြီးနေလိုက်ကြတာ အဲ့ဒါတွေလည်းပါတာပေါ့လေဟု ပြောသည်။

ကချင်ပြည်နယ် မံစီမြို့နယ် အင်ဘာပါဒေသ ဒိန်ဆင်းပါကျေးရွာတွင် မြေရှားတူးဖော်ရန် KIO က စမ်းသပ်လုပ်ဆောင်နေမှုကို ဒေသခံများ အပြင်းအထန်ကန့်ကွက်ခဲ့သောကြောင့် ပြီးခဲ့သည့် ဧပြီလက KIO က ရုပ်သိမ်းပေးခဲ့သည်။

Show More

Related Articles

Back to top button