စစ်ပြေးဒုက္ခသည်များသတင်း

နမ့်ဖက်ကာစစ်ရှောင်ပြည်သူများ ပြောင်းရွေ့နေထိုင်မည့် နေရာတွင် ရေအခက်အခဲရှိနေသည့်အတွက် အကူအညီ လိုအပ်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာ KBC စစ်ရှောင်စခန်းရှိ ပြည်သူများ ပြောင်းရွေ့နေထိုင်မည့် နေရာတွင် ရေအခက်အခဲရှိနေသည့်အတွက် အကူအညီလိုအပ်နေကြောင်း စစ်ရှောင်များထံမှ သိရသည်။

KBC စစ်ရှောင်စခန်းမှ ပြည်သူများပြောင်းရွေ့နေထိုင်ရမည့် နမ့်ဖက်ကာ နယ်မြေ ၄ တွင် ရေအခက်ခဲများစွာရှိနေသေးကြောင်း စစ်ရှောင်တာဝန်ခံတစ်ဦးက KNG ကို ပြောသည်။

“ပြောင်းနေဖို့အတွက် အိမ်တွေလည်း ၅၀ ရာခိုင်နှုန်းလောက်ပြီးနေပြီ၊ အဓိကတော့ ရေအခက်အခဲပေါ့ အဲ့နေရာမှာ ရေရှားတယ်၊ ဟိုတလောက မိုးရွာထားတော့ စိမ့်စမ်းရေထွက်တယ်လေ။ အဲ့ကနေဘဲသွယ်ယူပြီး သုံးရေအတွက် တော့သုံးလို့ရတယ်၊ အဓိကတော့ သောက်ရေပြဿနာပေါ့၊ သောက်ရေအတွက် အဝိစိတွင်း တူးနိုင်ရင်တော့ ကောင်းတာပေါ့” ဟု ပြောသည်။

စစ်ရှောင်ပြည်သူများအတွက် အဝိစိရေတွင်းတူးချင်သော်လည်း အဝိစိတစ်တွင်းလျှင် ကာလပေါက်ဈေး သိန်း ၃၀ အထက်ရှိသောကြောင့် သက်ဆိုင်ရာအဖွဲ့အစည်းများမှ ကူညီပေးစေလိုကြောင်း စစ်ရှောင်ပြည်သူများ တောင်းဆိုသည်။

စစ်ရှောင်ပြည်သူများအနေဖြင့် စခန်းပြောင်းရွေ့နေထိုင်ရေးအတွက် အဓိကလုပ်ဆောင်နေသောအချိန်ဖြစ်သောကြောင့် အခြားဝင်ငွေရရှိနိုင်မည့် အလုပ်များရပ်နားထားရသည့်အတွက် ငွေကြေးခက်ခဲမှုများလည်း ရှိနေကြောင်းစစ်ရှောင်အမျိုးသမီးတစ်ဦးက KNG ကို ယခုလို ပြောသည်။

“အခုက စခန်းပြန်ပြောင်းဖို့ လုပ်အားပေးတွေလုပ်နေတော့ တခြားအလုပ်တွေလည်း မလုပ်နိုင်ဘူးလေအစားအသောက်လည်း ကူညီထောက်ပံ့မှုရှိပေမဲ့ သူတို့ပေးတာနဲ့ဘဲ မလောက်ဘူး၊ ကျောင်းတက်မဲ့ကလေးတွေအတွက် လိုအပ်သမျှ ငွေကြေးက အဓိက ပြဿနာဖြစ်လာတာပေါ့၊ အခု သောက်ရေအတွက်အဝိစိ တူးရမယ်ဆိုရင်တောင် ကျွန်မတို့ မတက်နိုင်တော့ အခက်အခဲပြန်ဖြစ်” ဟု ပြောသည်။

အိမ်ထောင်စု ၆၂ စုနှင့် လူဦးရေ ၃၈၀ ဝန်းကျင်ရှိသော စစ်ရှောင်များအတွက် နမ့်ဖက်ကာ နယ်မြေ ၄ တွင် ပေ ၄၀×၆၀ ပတ်လည်ရှိသော မြေနေရာကို ခွဲဝေပေး၍ ICRC မှ အိမ်ဆောက်ရန် ထောက်ပံ့ပေးထားပြီး မေလဆန်းတွင် နေအိမ် ၃၀ ကျော် ဆောက်လုပ်နေပြီဖြစ်ကြောင်း သိရသည်။

နမ့်ဖက်ကာ စစ်ရှောင်ပြည်သူများသည်  ၂၀၁၂ ခုနှစ် ဇန်နဝါရီလတွင် စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့အကြား တစ်ကျော့ပြန်တိုက်ပွဲကြောင့် ကွတ်ခိုင်မြို့မှ မိုင် ၄၀ ကျော်ရှိသည့် နမ့်ဆုံကျေးရွာ၊ လွယ်ငေါမ့်ကျေးရွာ နှင့် ဒိန်ဂရိကျေးရွာမှ နမ့်ဖက်ကာ KBC စစ်ရှောင်စခန်းသို့ တိမ်းရှောင်လာသူများ ဖြစ်သည်။

Show More

Related Articles

Back to top button