သတင်း

ရိုက်နက် သတ်ဖြတ်ခံရသည့် အလောင်း ၂လောင်းတွေ့ရှိ၊ တစ်လောင်းတွင် ဓားပြဟုချိတ်ဆွဲထား

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင် (ဆိပ်မူ) ကျေးရွာဘက်တွင် ပိုင်ရှင်မဲ့ အလောင်း ၂ လောင်းတွေ့ရှိပြီး တစ်ဦး၏ အလောင်းပေါ်တွင် ဓားပြဟု စာသားချိတ်ထားကြောင်း သိရသည်။

အသက် ၃၀ ဝန်းကျင်ရှိပြီး ရိုက်နက်ထားသည့် ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသား ၂ ဦး၏ ရုပ်အလောင်း အနက် တစ်လောင်းကို ဇွန်လ ၆ ရက်နေ့ ညပိုင်းက ဆိပ်မူရွာကျေးရွာ ရွာပတ်လမ်းအနီးတွင်တွေ့ရှိခဲ့ပြီး တစ်ဦး၏ အလောင်းကို ယနေ့ ဇွန် ၇ ရက်နေ့ မနက် ၆ နာရီအချိန်တွင် တွေ့ရှိခဲ့ကြောင်း ဆိုင်းတောင်ဒေသခံ အမျိုးသားတစ်ဦးက KNG ကို ပြောသည်။

ခုမနက်တွေ့တဲ့ အလောင်းကတော့ လမ်းသွားလမ်းလာတွေက မနက် ၆ နာရီမှာတွေ့တာ ဖားပြင်ဘက်သွားတဲ့လမ်း တိုးနီးယားဆီဆိုင်ရဲ့ တောင်ဘက် ကိုက် ၃၀၀ ဝန်းကျင်အဲ့နားလောက် မှာတွေ့တာဟု အထက်ပါအမျိုးသားကပြောသည်။

ယနေ့ နံနက်တွေ့ရှိသည့် အလောင်း၏ လည်ပင်းတွင် ဓားပြဟုစာရေးသား ချိတ်ဆွဲထားကြောင်း မျက်မြင်တွေ့ရှိသူများက ပြောသည်။ ယမန်နေ့ ဇွန်လ ၆ ရက်နေ့ ညပိုင်းကတွေ့သည့် ရုပ်အလောင်းသည် ပုပ်ပွနေပြီဖြစ်သည့်အတွက် မည်သည့်ပုံစံဖြင့် သတ်ဖြတ်ခံထားရသည်ကို မသိရကြောင်း ဆိုင်းတောင်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

မနေ့ကတွေ့တဲ့အလောင်းကတော့ ဆိုင်းတောင် ရှမ်းကုန်းအနောက်ဘက် မြို့ပတ်လမ်းမှာတွေ့တာ သူကတော့ပုပ်ပွပြီးတော့ ဖောင်းနေပြီ ဘယ်လိုပုံစံသတ်ခံရလဲတော့မသိရဘူး အလောင်းက ပွနေလို့ဟု၎င်းကပြောသည်။

အဆိုပါပိုင်ရှင်မဲ့အလောင်းများကို ဆိုင်းတောင်ကျေးရွာရှိ နာရေးကူညီအသင်းများနှင့် ဒေသခံများ ဝိုင်းဝန်းသယ်ထုတ်ကာ မြေမြှပ်သဂြိုလ်လိုက်ပြီ ဖြစ်ကြောင်းသိရသည်။

ဖားကန့်မြို့နယ်တွင် ယခုနောက်ပိုင်း အမျိုးသားများသတ်ဖြတ်ခံရမှု မကြာခနဖြစ်ပွားလျက်ရှိပြီး သေနတ်ဖြင့်လုပ်ကြံခံရမှု၊ ဓားထိုးသတ်ခံရမှု၊ ရိုက်နက်သတ်ခံရမှုပုံစံအမျိုးမျိုးဖြင့် ဆိုင်းတောင်ကျေးရွာအတွင်း ယခုနှစ်အတွင်း ၁၀ လောင်းထက်မက ရှိပြီဟု သိရသည်။

Show More

Related Articles

Back to top button