မြစ်ကြီးနား တည်းခိုခန်းတွင် KIO အရာရှိ ၂ ဦး ဖမ်းဆီးခံရ

မြစ်ကြီးနားမြို့ ၊ အင်ဂျန်ဒုံ(တောင်) ရှိသော Butterfly တည်းခိုခန်းတွင် KIO အရာရှိ ၂ ဦးအား စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း KIA နှင့် နီးစပ်သူများထံမှ သိရသည်။
ဇွန်လ ၅ ရက်နေ့ညသန်းခေါင်ချိန် KIO အရာရှိများ တည်းခိုခန်းတွင် လာရောက်တည်းခိုနေသည်ကို သတင်းရရှိမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့မှ လာရောက်စစ်ဆေး ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု KIA နှင့် နီးစပ်သူတစ်ဦး KNG ကို ယခုလိုပြောသည်။
“ဟုတ်ပါတယ် ဖမ်းခံရတာ သေချာတယ်။ KIA ဘက်က အရာခံဗိုလ်ရှိ ၂ ဦး ဟုတ်တယ်။ သူတို့ အဲ့တည်းခိုခန်းမှာ လာတည်းတာ အထဲမှာ သတင်းပေးသူတွေရှိပုံရတယ်”ဟု ၎င်းက ပြောသည်။
ဖမ်းဆီးခံရသူ ၂ ဦးမှာ တပ်ရင်း မြစ်ကြီးနားတိုက်နယ် ဒု – အုပ်ချုပ်ရေးမှူး အဒေါင် နှင့် မလိယာန်မြို့နယ် လက်အောက်ခံ ဇီးအွန်တိုက်နယ် ဒု – အုပ်ချုပ်ရေးမှူး (Mali Ginwang daw) အင်ခွမ်လ တို့ဖြစ်သည်ဟု သိရသည်။
မြစ်ကြီးနားမြို့တွင် စစ်ကောင်စီ သတင်းပေးသူများ ပိုမိုများပြားလာသောကြောင့် မြို့တွင်း လှုပ်ရှားနိုင်ဖို့ ယခင်ထက်ပိုပြီး ခက်ခဲကြပ်တည်းသွားပြီဟု KIA နှင့် နီးစပ်သူများပြောသည်။
“အခုက KIO အရာရှိအများပိုင်းဖမ်းခံထိထားတာဆိုတော့ တော်တော်ခက်သွားသလိုပဲ။ သတင်းကတော်တော်မြန်တယ်။ ဘယ်လောက်အားဖြည့်ကြိုးစားနေလည်း တချို့သူတွေကိုကြည့်ပြီး တော်တော်စိတ်ဓာတ်ကျတယ်တခါတလေတော့။ သိပ်လည်းမပြောချင်ဘူး ပိုက်ဆံရှိပြီထင်လှတဲ့သူတွေပဲ စစ်တပ်ခရိုနီဖြစ်ကုန်ရော” ဟု တော်လှန်ရေးဘက် အားဖြည့်နေသူ မြစ်ကြီးနားဒေသခံတစ်ဦးကလည်း သုံးသပ်ပြောဆိုသည်။
ပြီးခဲ့သည့် မေလ ၆ ရက်နေ့တွင်လည်း Happy KTV တွင် လူငယ် ၆ ဦးဖမ်းဆီးခံခဲ့ရပြီး ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG ၏ ညှိနှိုင်းပေးမှုကြောင့် ၃ ဦး ပြန်လွတ်ခဲ့သည်ဟု သိရသည်။
KNG သတင်းဌာနမှ ပြုစုထားသည့်စာရင်းအရ မြစ်ကြီးနား ၊ ဖားကန့်မြို့နယ်များတွင်း ပြီးခဲ့သော မေလအတွင်း ဖမ်းဆီးခံရသော KIA ဝန်ထမ်း ၈ ဦးခန့်ရှိခဲ့သည်။