သတင်း

ဖားကန့်မြို့နယ်တွင် NUG ကျောင်းဖွင့်ပေးစေလိုကြောင်း ဒေသခံများတောင်းဆို

ဖားကန့်မြို့နယ်အတွင်းရှိ တာမခံ၊ ဟောင်ပါးစသည့်ကျေးရွာများတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) စာသင်ကျောင်းများ ဖွင့်လှစ်ပေးစေလိုကြောင်း ဒေသခံများ ပြောသည်။

စစ်ကိုင်းတိုင်း နှင့် ကချင်ပြည်နယ် နယ်စပ်တွင်ရှိသည့် တာမခံ၊ ဟောင်ပါး အနီးဝန်းကျင်ရှိ ကျေးရွာများမှ ကျောင်းသားမိဘများသည် ကျောင်းဖွင့်ကာလရောက်ရှိလာပြီဖြစ်သော်လည်း စစ်ကောင်စီဖွင့်လှစ်ထားသည့် စာသင်ကျောင်းတွင် မထားချင်သည့်အတွက် NUG စာသင် ကျောင်းဖွင့်လှစ်ပေးစေလိုကြောင်း ဖားကန့် ဒေသခံ အမျိုးသမီးတစ်ဦးက KNGကိုပြောသည်။

ဖြစ်နိုင်ရင်တော့ ကျွန်မတို့ NUG ဘက်ကလည်းကျောင်းလာဖွင့်ပေးစေချင်တယ်။ ခုက လာမသင်ပေးနိုင်ဘူး မလုပ်ပေးနိုင်တဲ့အချိန်ကျတော့ တချို့ကမြို့ပေါ်တွေမှာသွားထားကြတယ်။ တချို့ကတော့ ဒီရွာထဲကကျောင်းမှာ ပဲထားကြတော့တယ်”ဟု ပြောသည်။

ဟောင်ပါးကျေးရွာတွင် ၈ တန်းအထိရှိပြီး ပုံမှန်အားဖြင့်ကျောင်းသားပေါင်း ၁၀၀၀ ကျော်ရှိသော်လည်း လက်ရှိ စစ်ကောင်စီ ဖွင့်လှစ်ထားသော ကျောင်းတွင် ကျောင်းသား အယောက် ၁၀၀ ကျော်သာတက်ရောက်နေသည်ဟု သိရသည်။

လောလောဆယ်တော့ ဒီဟောင်ပါးကျောင်းမှာက Non CDM ဆရာမ တွေ လေး၊ငါး ၊ဆယ်ယောက်လောက်နဲ့ဖွင့်နေတယ် ဟောင်းပါးရွာကတော့ ၁၀၀ လောက်တက်နေတယ် ပြီးရင် တခြား တာမခံတို့ နဲ့တခြားရွာကလည်း ဒီမှာလာတက်ကြတယ်”ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ဟောင်ပါး၊ တာမခံ အနီးဝန်းကျင်ကျေးရွာမှ ကျောင်းသားကျောင်းသူထောင်ချီသည် လက်ရှိ NUG ကျောင်းမရှိသေးသည့်အတွက် ကျောင်းမတက်ရပဲဖြစ်နေပြီး ပညာရေးနှင့် အလှမ်းမဝေးစေရန်အတွက် CDM ဆရာ ၊ ဆရာမများဖွင့်လှစ်သည့် ကျူရှင်များတွင်သာ ထားနေရကြောင်း ကျောင်းသားမိဘ အမျိူးသားတစ်ဦးက KNG ကိုယခုကဲ့သို့ပြောသည်။

ကျောင်းသားမိဘတွေကတော့ NUG အနေနှင့် ကျောင်းဖွင့်ရင်တော့ အားတက်သရောရှိနေကြတာပေါ့။ ကျောင်းတက်ကြဖို့တော့ ဒါပေမယ့်အခုဟာက လမ်းပျောက်နေသလိုဖြစ်နေတာ သူ့ဟာကိုယ့်ဟာ CDM တွေဖွင့်တဲ့ကျူရှင်တွေမှာထားကြတာ။ ဒီမှာက KIA PDF အားကောင်းတဲ့နေရာဆိုပေမယ့် စစ်ကောင်စီကျောင်းလာဖွင့်တော့ တချို့ကြတော့လည်း ကြာလာတော့ အဲ့ကိုသွားကုန်ကြတာ။ တချို့တော့လည်း ဒီချိန်ထိတောင့်ခံပြီး စောင့်နေကြတုန်း”ဟု ပြောသည်။

တာမခံ၊ ဟောင်ပါးကျေးရွာများသည် အိမ်ခြေ ၅၀၀ ကျော်ဝန်းကျင်ရှိသည့် ကျေးရွာများဖြစ်ပြီး KIA တပ်မဟာ ၉ အောက် နယ်မြေများဖြစ်ကြသည်။

Show More

Related Articles

Back to top button