စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့နယ်တွင် စစ်ကောင်စီတပ်၊ ရှမ်းနီအမျိုးသားတပ်မတော် SNA ပူးပေါင်းတပ်နှင့် ဖောင်းပြင်–ဟုမ္မလင်းပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တို့အကြား တိုက်ပွဲပြင်းထန်နေသောကြောင့် ဒေသခံများထွက်ပြေးတိမ်းရှောင်ရာမှ ဒေသခံ ၄ ဦး ကျည်ဆန်ထိမှန် သေဆုံးခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ် ခလရ ၂၇၂ နှင့် SNA ပူးပေါင်းတပ် အင်အား ၁၂၀ ကျော်ဖြင့် ဇွန်လ ၂ ရက်နေ့မှ စတင်ကာ စက်တောကျေးရွာကို စစ်ကြောင်းထိုးလာရာမှ ဇွန်လ ၅ ရက်နေ့အထိ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ခြင်းဖြစ်သည်ဟု ဖောင်းပြင်ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ဆိုသည်။
“ကျနော်တို့ဘက်ကတော့ ကျဆုံးမူမရှိပါဘူး။ ရွှေတူးနေတဲ့သူတွေနဲ့ ဒေသခံတွေပြေးကြရင်း ကျည်ထိမှန်လို့ ၄ယောက်တော့ ကျသွားတယ်။ သူတို့ဘက်ကတော့ အတည်ပြုနိုင်တာက ၁၅ ယောက်ကျဆုံးခဲ့ပါတယ် ကျဆုံးတာတွေကိုမြင်နေရပေမဲ့ တက်သွားလို့မရတဲ့ အနေအထားဖြစ်ခဲ့တာ” ဟု ပြောသည်။
စစ်ကောင်စီတပ်ဘက်မှ ခလရ ၂၇၂ ၊ ခလရ ၂၂၂ ၊ ခမရ ၃၇၀ နှင့်အတူ SNA တပ်မဟာ ၈၉၁၊ တပ်မဟာ ၇၅၃ တို့ပူးပေါင်းကာ ဖောင်းပြင်မြို့နယ်ကို စစ်ကြောင်းထိုးလာရာမှ ကာကွယ်ရေးပူးပေါင်းတပ်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။
အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က အထိနာခဲ့သောကြောင့် ဇွန်လ ၃ ရက်နေ့ ညနေ ၄ နာရီခန့်တွင် Mi 35 ရဟတ်ယာဉ်ဖြင့် မိနစ်၂၀ ခန့်အကြာ ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
“သူတို့ဝေဟင်ကနေလာပစ်သွားတယ် ရွာထဲကိုမပစ်ဘူး။ ကာကွယ်ရေးတပ်ဖွဲ့တွေရှိနေတဲ့ တောထဲကိုပဲ ပစ်သွားလို့ တော်ပါသေးတယ် လာပစ်တဲ့အချိန် အကုန်ဖြန့်ပြီးနေရာယူထားလို့ အကုန်လွတ်ပါတယ်” ဟု ပြောသည်။
တိုက်ပွဲတွင် အထိနာခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့သည် ဟုမ္မလင်းမြို့နယ် ပျူစောထီးနှင့် စစ်ကောင်စီတပ်များ အထိုင်ချထားသည့် ကျွန်းကုန်း ကျေးရွာသို့ ဇွန်လ ၅ ရက်နေ့ညနေပိုင်းတွင် စစ်ကြောင်းပြန်ဆုတ်သွားခဲ့သည်ဟု သိရသည်။
လက်ရှိ ဖောင်းပြင်မြို့နယ်ရှိ နက်စက်၊ စက်တော၊ ကရွက်တာ၊ သဖန်းဆိပ် စသည့်ကျေးရွာများမှ ဒေသခံ ၃ ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတစ်ဝှမ်းတွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သားပြည်သူ ၁.၈ သန်းကျော် ဘေးလွှတ်ရာသို့ ထွက်ပြေးနေကြရသည်ဟု ကုလသမဂ္ဂ လူသားချင်းစာနာမူဆိုင်ရာ ပေါင်းစပ်ညှိနှုင်းရေးမှူးရုံး UNOCHA က ပြီးခဲ့သည့် မေလ ၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။