သတင်း

နယ်စပ်ဖြတ်သန်းခွင့် စာအုပ်ထုတ်ပေးမှုပိတ်ထားသဖြင့် ကျပ် ၁ သိန်းမှ ၅ သိန်းအထိပေးကာ ပြုလုပ်နေရ

ကချင်တရုတ်နယ်စပ် ကန်ပိုက်တည် နယ်စပ်ဂိတ်တွင် နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (စာအုပ်အနီ) အသစ်ပြုလုပ်ပေးမှုကို ရပ်ဆိုင်းထားသဖြင့် ပွဲစားများနှင့် ညှိနှိုင်းပြီး ကျပ် ၁ သိန်းခွဲမှ ၅ သိန်းဝန်းကျင်အထိ ပေးဆောင်ကာ စာအုပ်အသစ် ပြုလုပ်ကာ သွားလာခွင့်ရနေသည်ဟု သိရသည်။

မေလ ၁၂ နေ့မှစ၍ ကချင်ပြည်နယ် စစ်ကောင်စီ လုံနယ်၏ ညွန်ကြားမှုဖြင့် နယ်စပ်ဖြတ်သန်းခွင့် လက်မှတ် ထုတ်ပေးမှုကို ရပ်ဆိုင်းထားရသောကြောင့် လက်ရှိ ကန်ပိုက်တည်မြို့တွင် ခရီးသွားပြည်သူ ၅၀၀ ခန့် သောင်တင်နေချိန် ငွေပေးကာ စာအုပ်အသစ်ပြုလုပ်မှုများရှိနေသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ကန်ပိုက်တည် ဒေသခံတစ်ဦးက KNG ကို ပြောသည်။

လက်မှတ်လုပ်ပေးတဲ့ နေရာက ပိတ်ထားတယ် အဲ့မှာ ခရီးသွားဖို့ အရေးကြီးတဲ့သူတွေက ပွဲစားတွေနဲ့ ညှိပြီးတော့ ပိုက်ဆံပေးပြီး သွားကြတယ်။ ၁ သိန်းခွဲ၊ ၃ သိန်း၊ ၅ သိန်း သွားပေးရတယ်တဲ့။ စောင့်ဆိုင်းတဲ့ ခရီးတွေကလည်း အရေးတယ်ဆိုပြီး သွားလုပ်ကြတယ်လို့ ပြောတယ်။ ကျနော်တို့ကြားတာက လုံနယ်ဝန်ကြီးရုံးကနေ စစ်ထားခိုင်တယ် လို့ပြောတာပဲ ကျန်တဲ့တာက သေချာမသိရသေးဘူးဟုပြောသည်။

ထို့နောက် ခရီးသွားပြည်သူများအနေဖြင့် နယ်စပ်ဂိတ်ဖြတ်သန်းခွင့် လက်မှတ် (စာအုပ်အနီ)အတွက် ငွေကြေးပေးဆောင်ရသည်သာမက ညှိနှိုင်းပေးသည့် ပွဲစားများကိုလည်း သိန်ဂဏန်း ပေးဆောင်ရကြောင်း သိရသည်။

လက်ရှိ ကန်ပိုင်တည် နယ်စပ်ဂိတ်တွင် မြန်မာနိုင်ငံ ဒေသအသီးသီးမှ ပြည်သူများသည် တရုတ်နိုင်ငံသို့ အလုပ်လုပ်ကိုင်ရန် စောင့်ဆိုင်းနေကြပြီး တည်းခိုခန်း၊ ဘာသာရေးကျောင်း၊ ဂိုဒေါင်များနှင့် ဆွေမျိုးနေအိမ်များတွင် ခိုလှုံနေကြသည်ဟု သိရသည်။

ထိုသို့ လက်မှတ်လုပ်ပေးရန် စောင့်ဆိုင်းနေသည့် ရက်ကြာလာသည်နှင့်အမျှ အခက်အခဲများစွာဖြင့် ရောက်ရှိလာသော ခရီးသွားများသည် တည်းခိုခန်းစရိတ် နှင့် စားသောက်စရိတ် ကုန်ကျမှုကြောင့် အခက်အခဲကြုံတွေ့နေရသည်ဟု ကန်ပိုင်တည် ဒေသခံအမျိုးသားတစ်ဦးက ဆက်လက်ပြောဆိုသည်။

ရက်ရှည်သာ ယခုလို ပိတ်ထားရင် ရပ်ဝေးကလာတဲ့ သူတွေအတွက်ဆို အဆင်မပြေဘူး။ ဒီထဲမှာတွေ့ရတာက ရခိုင်ပြည်ကနေ လူတွေပိုများတယ်။ ကြာလာရင် သူတို့အတွက် စားဝတ်နေရေး အခက်အခဲ ဖြစ်လာတယ်။ တည်းခို စရိတ်နဲ့ စားသုံးစရိတ်နဲ့တော်တော်လည်း ဒုက္ခရောက်နေပြီလို့ သိရတယ်ဟုပြောသည်။

နယ်စပ်ဂိတ်တွင် လက်မှတ်စာအုပ်အသစ် ပြုလုပ်ခြင်းသာ ရပ်ဆိုင်းထားခြင်းပြီး နဂိုလက်မှတ်ရရှိသော သူများက ပုံမှန်အတိုင်း သွားလာခွင့်ရရှိနေသည်။

နယ်စပ်ဖြတ်ကျော်ခွင့် လက်မှတ်အသစ်ကို ပြုလုပ်ပေးမှုကို ပိတ်ရခြင်းနှင့် မည်သည့်အချိန်ပြန်လည်လုပ်ဆောင်ပေးမည်ကို သိရှိနိုင်ရန် ကန်ပိုက်တည်ဂိတ် လူဝင်မှုကြီးကြပ်ရေး (လဝက) ကို KNG အနေဖြင့် ဖုန်းဆက်သွယ် မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုပေးခဲ့ခြင်း မရှိပါ။

ဒေသခံများ၏ ပြောဆိုချက်အရ နယ်စပ်ဂိတ်တွင် နှစ်ဆန်းပိုင်းအတွင်းမှ ယခု ဇွန်လအထိ လက်မှတ်လုပ်ပေးမှုကို ရပ်ဆိုင်းခြင်း ၃ ကြိမ် ထက်မနည်းရှိခဲ့ပြီး ထိုရက်များတွင်လည်း ယခုနည်းတူ ငွေကြေးပေးနိုင်သူများကို နားလည်မှုဖြင့် သွားလာခွင့်ပေးခဲ့ကြောင်း သိရသည်။

နယ်စပ်ဖြတ်သန်းခွင့် လက်မှတ် (စာအုပ်အနီ) ကို ၂၀၂၁ ခုနှစ်အထိ စာအုပ်တစ်ခုလျင် မြန်မာကျပ်ငွေ ၅၀၀၀ ပေးဆောင်ရပြီး ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းအတွင်းမှ ၁ သောင်းခွဲမှ ၂ သောင်းအထိ ပေးဆောင်ရကြောင်း သိရသည်။

Show More

Related Articles

Back to top button