မြေယာနှင့် သဘာဝပတ်ဝန်းကျင်သတင်း

သံကျောက်သတ္တုတူးဖော်မှုကို ကန့်ကွက်နေသည့် ဒေသခံများကို ဦးရွှေမင်း ပြည်သူ့စစ်အဖွဲ့ လိုက်လံဖမ်းဆီးနေ

ဝိုင်းမော်မြို့နယ် အောင်မြေ (၁) (Nlung hka) ကျေးရွာရှိ  ဒေသအစုအဖွဲ့ပိုင်သစ်တော CF နေရာတွင် ဦးရွှေမင်း ဦးဆောင်သော ပြည်သူ့စစ်အဖွဲ့မှ သံကျောက်သတ္တုတူးဖော်နေသည်ကို ကန့်ကွက်သော ဒေသခံများကို ပြည်သူ့စစ်တပ်ဖွဲ့က လိုက်လံရှာဖွေ ဖမ်းဆီးနေကြောင်း သိရသည်။

အောင်မြေ (၁) (Nlung hka mare) ကျေးရွာ မှ ၄ မိုင်အကွာ အင်ဒုံဘွမ် (Ndung bum) အနီးရှိ ဒေသခံများ၏ အစုအဖွဲ့ပိုင်သစ်တော CF နယ်မြေတွင် ဦးရွှေမင်းပြည်သူ့စစ်အဖွဲ့မှ ပြီးခဲ့သည့် မေလ ၂၉ ရက်နေ့မှစကာ ဘတ်ဟိုး ၂ စီးဖြင့် ဝင်ရောက်လာပြီး သံကျောက်သတ္တု စတင်တူးဖော်လာခြင်းဖြစ်ကြောင်း ဒေသခံများ ပြောဆိုချက်အရ သိရသည်။

ထို့ကြောင့် CF ကော်မတီအဖွဲ့ဝင်တချို့ မှ ၎င်း CF နယ်မြေတွင် သတ္တုမတူးဖော်ရန် စကားဖြင့်သွားပြောကန့်ကွက်ခဲ့သည့်အပြင် စာဖြင့်တင်ပြကန့်ကွက်မှုများ ပြုလုပ်ခဲ့သော်လည်း အရေးမလုပ်သည့်အပြင် ကန့်ကွက်သည့် CF ကော်မတီဝင် ဒေသခံများကို ​အောင်​မြေ ၁ ပြည်သူ့စစ်အဖွဲ့မှ လိုက်လံရှာဖွေနေပြီး ဖမ်းဆီးရန် ကြိုးပမ်းနေကြောင်း ဒေသခံတစ်ဦးက KNG ကို ယခုလိုပြောသည်။

“ဘေးပတ်ဝန်းကျင် ဒေသခံတွေရဲ့ စိုက်ပျိုးမြေ CF နယ်မြေဖြစ်တာကြောင့် လုပ်လို့မရဘူးဆိုပြီး သစ်တောဦးစီးဌာန အဆင့်အဆင့်ကိုလည်း အကြောင်းကြား၊ တူးနေတဲ့ပြည်သူ့စစ်အဖွဲ့ကိုလည်း သွားပြောတော့၊ အခုက သူ့ကို ဖမ်းဆီးမယ်ဆိုပြီး လိုက်ရှာဖွေနေတာကြောင့် လုံခြုံတဲ့နေရာမှာ ပုန်းခိုနေရတဲ့အခြေအနေဖြစ်နေတာ” ဟု ပြောသည်။

မေလ ၁၈ ရက်နေ့မှစပြီး ဦးရွှေမင်းပြည်သူ့စစ်အဖွဲ့သည် စက်ယန္တရားကြီးဖြင့် CF ဒေသအစုအဖွဲ့ပိုင် သစ်တော်ကြိုးဝိုင်းတွင် သံသတ္တုကျောက်များ စတူးဖော်လာသည့်အတွက် CF ကော်မတီဝင်များအပါအဝင် ဒေသခံပြည်သူ ၉ ဦးသည် မေလ ၃ ရက်နေ့ လုပ်ငန်းနေရာသို့ သွားရောက်ပြီး ပြောဆိုကန့်ကွက်ခဲ့ကြောင်း သိရသည်။

သို့သော် ရွှေမင်းပြည်သူ့စစ်အဖွဲ့သည် ဆက်လက်လုပ်ဆောင်နေသောကြောင့် ဒေသခံများမှ မြို့နယ်သစ်တောဦးစီးဌာန ၊ ခရိုင်သစ်တောဦးစီးဌာန၊ မရကရုံး၊ အုပ်ချူပ်ရေးရုံး၊ စသည့်ဌာနများသို့ ဦးရွှေမင်း၏ သံကျောက်တူးဖော်ရေးလုပ်ငန်းကို တားဆီးပေးရန် စာတင်ထားကြောင်း သိရသည်။

ယင်းကဲ့သို့ ဒေသခံပြည်သူများသည် စစ်တပ်လက်အောက်ခံ ဌာနဆိုင်ရာဌာနဆိုင်ရာများသို့ ကန့်ကွက်စာတင်စဉ် ဝိုင်းမော်မြို့နယ်သစ်တောဦးစီးရုံးအရာရှိမှ သံကျောက်တူးဖော်သည့်ကန့်ကွက်စာအား ရွှေမင်းပြည်သူ့စစ်အဖွဲထံလည်း သွားရောက်အကြောင်းကြား ပေးပို့ကြရန် ညွှန်ကြားခဲ့ကြောင်း ဒေသခံများက ပြောသည်။

ထို့ကြောင့်  CF ကော်မတီဝင်များအပါအဝင် ပြည်သူအချို့သည် သံကျောက်တူးဖော်နေသည့် ပြည်သူ့စစ်အဖွဲ့ထံ ဇွန်လ ၂ ရက်နေ့တွင် ထပ်မံသွားရောက်ပြီး စာရွက်စာတမ်း အချက်အလက်များဖြင့် သွားရောက်ကန့်ကွက်ခဲ့ ပြီးနောက် ဇွန်လ ၂ ရက်နေ့ညတွင် KIA တပ်ရင်း ၃ နယ်မြေအတွင်း သံကျောက်တူးဖော်နေသည့် ရွှေမင်းပြည်သူ့စစ်အဖွဲ့ကို KIA မှ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အောင်မြေ ၁ မှ ဒုဗိုလ်မှူးအဆင့်ရှိ ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးအပါအဝင် ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၂ ဦးကို ဖမ်းဆီးသွားကြောင်း ဆက်လက်စုံစမ်းသိရှိရသည်။

ပြည်သူ့စစ်အဖွဲ့ဘက်မှ ‘သံကျောက်တူးဖော်နေသည်ကို ကန့်ကွက်သည့် ဒေသခံများက KIA ကိုလည်း တိုင်တန်းစာတင်ပြီး လာရောက်ပစ်ခတ်ခိုင်းသည်’ ဟု စွပ်စွဲယူပြီး CF ခေါင်းဆောင် ဦးလဘန်လရော်နှင့်အတူ ကော်မတီအဖွဲ့ဝင်အားလုံးကို KIA နှင့် ဆက်စပ်သောကြောင့် တစ်ယောက်မကျန် ဖမ်းဆီးရန် ဦးရွှေမင်းမှ အမိန့်ထုတ် ပြောဆိုထားမှုရှိကြောင်း ဒေသခံများ ပြောပြသည်။

ထို့ကြောင့် ယခုချိန် အောင်မြေ ၁ (Nlung hka mare) ကျေးရွာတဝိုက်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်ပူးပေါင်းပြီး နေ့ညမပျက် စစ်ရေးလှုပ်ရှားနေကြကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ယခုလိုပြောသည်။

“အခုက ရွှေမင်းက CF ကော်မတီဝင်အားလုံး ဖမ်းဆီးလာခဲ့ကြဆိုပြီး အမိန့်ထုတ်ထားတယ်ပြောတယ်။ ဒါကြောင့် ရွာမှာ ညတိုင်း CF ကော်မတီအဖွဲ့မှာ ပါဝင်တဲ့ ရွာသားတွေက တစ်ယောက်မှ နေလို့မရဘူး။ အကုန်လိုက်ရှာ နေကြတာ။ KIA နဲ့ဆက်စပ်သူတွေကို ဖမ်းတယ်ဆိုတဲ့ခေါင်းစဉ်ပါ တစ်ခါထဲတပ်ပြီး ရွာမှာမွေနေတာ။ ညဆို ဘုရားကျောင်းမှာ ပြည်သူ့စစ်တွေ ၁၀ ယောက်ဝန်းကျင် တညလုံး ဝန်းရံ စောင့်ကြည့်နေကြတာ။ CF ကော်မတီတွေ လျှောက်လို့ KIA လာပစ်ဖမ်းဆီးတာ ဆိုပြီး စွပ်စွဲပြီး အခုက မတရားရှာဖွေနေတာ။”ဟု ၎င်းကပြောဆိုသည်။

စစ်ကောင်စီတပ်သားများမှ ကားလမ်းဘက်သို့ လုံခြုံရေးယူပေးပြီး ၀ူယန်ဘက်က ပြည်သူ့စစ်တွေအထိ ပူးပေါင်းပြီး ညလုံးပေါက် ၆ ယောက် တစ်စုစီဖြင့် လူခွဲကာ ရှာဖွေမှုများပြုလုပ်နေကြောင်းသိရသည်။

“CF ခေါင်းဆောင်လဲဖြစ်၊ ကျမတို့ သင်းထောက်လည်းဖြစ်တဲ့ ဦးလဘန်လရော်ကို ပြည်သူ့စစ်တွေ အိမ်ထိ တုတ်တွေ လက်နက်တွေနဲ့ လာရှာလာမေးတဲ့အချိန် သူ့မိန်မက ဘုရားကျောင်းကို ဆုတောင်းသွားတယ်ပြောလိုက်လို့လားမသိဘူး၊ အခုဆို ဘုရားကျောင်းမှာ ညတိုင်းပဲစောင့်ကြည့်နေကြတာ။ အဲ့ဒီ CF ခေါင်းဆောင်က KIA နဲ့လုံး၀မချိတ်ဆက်ဘူး။ သစ်တောကိုပဲ အကြောင်းကြားတယ်ဆိုတာ ကျမတို့ရွာသားတွေတောင် အာမခံနိုင်တာလေ။ အဲ့ဒါကို သူတို့က KIA ဖမ်းသွားတဲ့ ပြည်သူ့စစ် ၂ ယောက်ကို လွတ်ပေးရင် CF ကော်မတီခေါင်းဆောင်နဲ့ အဖွဲ့ဝင်တွေကို မရှာတော့ဘူးဆိုပြီး ပြောလာတာ။ ဘာမှမဆိုင်တာလေ။ အခုဆို ညတိုင်းရွာသားတွေ ကြောက်နေရလို့ မိုးတောင်သိပ်မချူပ်ချင်သေးဘူး မီးတွေအကုန်ပိတ် အိမ်ယာဝင်ကုန်ပြီ” ဟု အောင်မြေ ၁ ဒေသခံအမျိုးသမီးက ဆက်ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၄ ရက်နေ့ညတွင်လည်း ကျေးရွာထဲမှ KIA နှင့် ချိတ်ဆက်မှုရှိသည်ဟုဆိုကာ ဒေသခံအမျိုးသား ဦးလော့ဆီး ဆိုသူကို ပြည်သူ့စစ်အဖွဲ့မှ ကြိုးဖြင့်ချည်နှောင်ကာ လာရောက်ဖမ်းဆီးသွားကြောင်း သိရသည်။

ထို့အပြင် CF ကော်မတီအဖွဲ့ဝင်ဟုဆိုကာ နောက်ထပ်ရွာသား ၃ ဦးကိုလည်း ထပ်မံဖမ်းဆီးထားသည်ဟု ဒေသခံများပြောဆိုသော်လည်း မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုနေဆဲ ဖြစ်သည်။

မြစ်ကြီးနား-ဗန်းမော် ကားလမ်းမပေါ် အောင်မြေ (၁) ကျေးရွာအတွင်းရှိ ဒေသခံပြည်သူများ ၁၀ နှစ်ကျော် ထိန်းသိမ်းလာခဲ့သည့် ဒေသအစုအဖွဲ့ပိုင် သစ်တော CF နယ်မြေတွင် စက်ယန္တရားကြီးများဖြင့် သံကျောက်စတင်တူးဖော်လာသည်ကို အလိုမရှိကြောင်း နောက်ထပ်ဒေသခံ အမျိုးသားမှ ယခုလိုပြောသည်။

“ဘာပဲတူးတူး နိုင်ငံအတွက် အကျိုးပြုရင်တော့ မကန့်ကွက်ချင်ပါဘူး။ အခုက CF ဒေသခံတွေရဲ့ တရားဝင်နယ်မြေလည်း ဟုတ်တယ်။ ကိုယ့်အစုအဖွဲ့အတွက်ပဲ ကိုယ့်ကျိုးကိုပဲကြည့်ပြီး သယံဇာတတူးဖော်တာတော့ ဘယ်အဖွဲ့မှမသင့်တော်ဘူး။ အရင်က သံကျောက်မတူးသေးချိန် အနီးနား တရုတ်တစ်လျှူးငှက်ပျော်ပဲစိုက်တာတောင် ကျနော်တို့ ရေ၊ချောင်းတွေ ပျက်စီးကုန်တာ။ ရွှေတူးသလိုပဲ သံကျောက်တူးတာကိုလည်း တရားမဝင်မှုအားလုံး ကန့်ကွက်တယ်။”  ဟု ပြောသည်။

အောင်မြေ ၁ (Nlung hka mare) ကျေးရွာအနီး ၎င်း CF နယ်မြေသည် ဧက ၁၀၀၀ ကျော်ရှိပြီး အောင်မြေ (၁)၊ နောင်စီပေါ၊ ဝိုင်းမော် တာကရ၊ ခါးရှီ (Hkashi) စသည် ကျေးရွာဒေသခံ အိမ်ထောင်စု ၁၀၀ ကျော်အတွက် ပြီးခဲ့သည့် ၁၀ နှစ်ခန့်ကတည်းမှ အစိုးရမှ တရားဝင်ချထားပေးသည့် CF နယ်မြေဖြစ်ကြောင်းသိရသည်။

ဝိုင်းမော်မြို့ နယ်တွင်  စစ်ကောင်စီ လက်အောက် ဦးရွှေမင်းပြည်သူ့စစ်အဖွဲ့သည် လမ်းသွားလမ်းလာပြည်သူများအား ဂိတ်ချပြီး ငွေကြေးတောင်းခံမှုများ၊ ဖြတ်သန်းသွားလာခွင့်ပိတ်ပင်မှုများ ပုံမှန်ပြုလုပ်နေသည်ဟု ဒေသခံများ ပြောသည်။

ဒေသအစုအဖွဲ့ပိုင် သစ်တောကြိုးဝိုင်းသည် ခေတ်အဆက်ဆက် သက်ဆိုင်ရာအစိုးရမှ ပြည်သူများလုပ်ကိုင်စားသောက်ရန် သတ်မှတ်ပေးထားသည့် သစ်တောမြေနေရာဖြစ်သောကြောင့် လက်ရှိဖြစ်နေသည့် ပြသာနာကိုလည်း သက်ဆိုင်ရာ ဝိုင်းမော်သစ်တော်ဦးစီးမှုးမှ အမြန်ဆုံးဖြေရှင်းပေးရန်ဒေသခံများက တောင်းဆိုနေကြသည်။

Show More

Related Articles

Back to top button