သတင်း

ဟိုပင် လူသတ်မှုနှင့် အဓမ္မပြုကျင့်သတ်ဖြတ်ခံရသည့်အမှုကို နှစ်ပတ်အတွင်း ဖြေရှင်းပေးရန် KIO ထံ တောင်းဆိုထား

မိုးညှင်းမြို့နယ် ဟိုပင်မြို့ အရှေ့ဘက်ခြမ်း ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၈၊ တပ်ရင်း ၄၁ နယ်မြေတွင် KIA တပ်သားတစ်ဦးနှင့် သူ၏ဇနီးဖြစ်သူ အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး အမှုကို ဇွန်လအတွင်း အပြီးဖြေရှင်းပေးရန် KIO/KIA ထံ တောင်းဆိုထားသည်ဟု မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။

သတ်ဖြတ်ခံရသည့် မိသားစုဝင်များနှင့် အမှုလိုက်ပါဆောက်ရွက်ပေးနေသော ဒေသတာဝန်ရှိသူများသည် အခင်းဖြစ်ပွားခဲ့သောနေရာသို့ သွားရောက်ခဲ့ပြီးနောက် ယခုလို တောင်းဆိုခဲ့ခြင်းဖြစ်သည်ဟု လိုက်ပါဆောင်ရွက်ပေးသည့် ဟိုပင် ဒေသခံတစ်ဦးက KNG ကိုပြောသည်။

“ကျနော်တို့က ဒီအမှုနဲ့ပတ်သက်ပြီး ဒီဇွန်လ မကုန်ခင် အဖြူမဲအကုန် ရှင်းလင်းစေချင်တယ်။ ဟိုဘက် ဇူလိုင်လ ကူးသွားတဲ့အထိ မကြာစေချင်ဘူး အဲ့ဒီထက်ကြာသွားပြီဆိုရင်လည်း မဖြစ်သင့်တာတွေဖြစ်လာနိုင်တယ် အဲ့လိုလည်း မဖြစ်စေချင်ဘူး။ အဲ့ကြောင့် ဒီ ၂ ပတ်အတွင်းမှာပဲ ရှင်းလင်းပေးဖို့ ပြောထားတယ်။ ဘာလို့လဲဆိုတော့ တခြားနေရာတွေမှာဖြစ်တဲ့ အမှုတွေဆို မဖြေရှင်းပဲ အချိန်ဆွဲဆန့်ထားတဲ့ဟာတွေ မြင်နေရတယ် အဲ့လို မဖြစ်ချင်ဘူး အမြန်ဖြေရှင်းပေးစေချင်တယ်” ဟု ပြောသည်။

တောင်းဆိုချက်များမှာ သတ်ဖြတ်ခံရသည့် မိသားစုဝင်များကို တရားမျှတမှုရရှိအောင် အမှုမှန် ဖြေရှင်းပေးရန်၊ ပြစ်မှုကျူးလွန်သူကို ထိရောက်စွာအရေးယူပေးရန်နှင့် ဖြစ်စဉ်နှင့် ပတ်သက်ပြီး ပြည်သူလူကို ရှင်လင်း တင်ပြပေးရန် စသည့် အချက်တို့ဖြစ်သည်။

“နစ်နာသွားတဲ့ မိသားစုဝင်တွေအတွက် တာဝန်ယူပေးရမယ်ဖြစ်တယ်။ ဘာလို့လဲဆိုတော့ အဲ့ဒီလင်မယား ၂ ယောက်က ကလေးငယ် ၂ ယောက်ကျန်ရှိခဲ့တယ်။ ဒီ ကလေးတွေအတွက် ထိရောက်မှုရှိအောင် တာဝန်ယူပေးဖို့၊ ပြီးရင် ပြစ်မှုကျူးလွန်ထားတဲ့ သူကိုလည်း ပြည်သူတွေလက်ခံနိုင်တဲ့အထိ အရေးယူပေးဖို့၊ နောက်ဒီဖြစ်စဉ်ကြောင့် KIO/KIA အနေနဲ့လည်း ဂုဏ်သိက္ခာပိုင်းတွေ ကျဆင်းသွားမှာဖြစ်တယ် အဲ့ကြောင့် ဒါကိုလည်း ရှင်လင်းပေးဖို့ တောင်းဆိုထားတယ်” ဟု အမှုတွင်လိုက်ပါ ဆောင်ရွက်ပေးနေသူက ပြောသည်။

မိသားစုဝင်များ၏ တောင်းဆိုချက်ကို အမြန်ဆုံး ကောင်အထည်ဖော်ဆောင်ရွက်ပေးမည်ဟု KIO ဘက်က အကြောင်းကြားထားသည်ဟုလည်း သိရသည်။

ပြစ်မှုကျူးလွန်းထားသည့် အသက် ၄၀ ကျော်အရွယ် ဦးကျော်ထွန်းဦး ကိုယ်တိုင်လည်း ပြစ်မှုဝန်ခံထားပြီး သူနှင့်အတူ ဆက်စပ်သူ ၃ ဦးကိုလည်း KIA ဘက်က ဖမ်းဆီးထားသည်ဟု သိရသည်။

ဇွန်လ ၁၁ ရက်ညတွင် သတ်ဖြတ်ခံရသည့် လင်းမယား ၂ ဦးနှင့်အတူ ပြစ်မှုကျူးလွန်သူ ဦးကျော်ထွန်းဦးတို့ ၃ ဦးသည် KIA တပ်ဖွဲ့၏ ယာယီဆေးကုသည့် တဲစခန်းတွင် အတူရှိခဲ့ပြီးနောက် ညသန်းခေါင်တွင် သတ်ဖြတ်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု သတင်းရင်းမြစ်များက ပြောသည်။

အမျိုးသား၏ နောက်ကျောတွင် ပုဆိန်ဖြင့် အချက်ပေါင်းများစွာ ခုတ်သတ်ထားပြီး အမျိုးသမီးဖြစ်သူကို အဓမ္မပြုကျင့်ကာ သူမ၏ ဝမ်းဗိုက်နှင့် ရင်သားများတွင် ဓါးဖြင့် ထိုးသတ်ထားသည်ဟု သိရသည်။

Show More

Related Articles

Back to top button