စစ်ပြေးဒုက္ခသည်များသတင်း

နေရပ်ပြန် ရေကြည် စစ်ရှောင်ပြည်သူများအတွက် စာသင်ကျောင်းနှင့် ဆေးရုံ၊ ဆေးပေးခန်းမရှိသည့်အတွက် အခက်အခဲကြုံတွေ့နေရ

မြစ်ကြီးနားမြို့နယ် ရေကြည်(Hkasan) ကျေးရွာတွင် ပြန်လည်နေရာချထားသည့် စစ်ရှောင်များနှင့် နေရပ်ပြန်စစ်ရှောင်ပြည်သူများအတွက်  စာသင်ကျောင်းနှင့် ဆေးရုံ၊ ဆေးခန်းများမရှိသောကြောင့် အဓိက အမျိုးသမီးများနှင့် ကလေးများ အခက်အခဲကြုံတွေ့နေရသည်ဟု သိရသည်။

လက်ရှိ ရေကြည်ကျေးရွာတွင် မည်သည့်အစိုးရဘက်မှ စာသင်ကျောင်းများ ဖွင့်လှစ်ပေးခြင်းမရှိသေး သည့်အတွက်ကြောင့်  နေရပ်ပြန်စစ်ရှောင်များအတွက် ပညာရေးနှင့်ကျန်းမာရေးစောင့်ရှောက်မှုများ လိုအပ်နေသည်ဟု ပြန်လည်နေရာချထားရေးနေရာတွင် ရှိနေသည့် အမျိုးသမီးတစ်ဦးက KNG ကိုပြောသည်။

ရေကြည်ကျေးရွာမှာက အစိုးရကျောင်းလည်းမဖွင့်ဘူး၊ ကလေးတွေအတွက် အရမ်းကိုခက်ခဲနေတယ်။ ကြားကာလပညာရေးကျောင်းကိုပဲစောင့်ရမလိုလို၊ အစိုးရကျောင်းပဲသွားရောက်တက်လိုက်ရတော့မလိုနဲ့ ကျောင်းသားမိဘတွေက အဓိက စိတ်ညစ်ပူပန်နေကြရတယ်။ ကလေးတွေနဲ့ ခွဲနေရတာတွေ၊ငွေကြေးကအရမ်းခက်ခဲတော့ ကလေးတွေကို ကျောင်းမထားတော့ပဲ ဒီတိုင်းနေခိုင်းလိုက်တဲ့မိဘတွေလည်း တော်တော်များများပဲဟုပြောသည်။

ရေကြည်ကျေးရွာတွင် ငွေကြေးတတ်နိုင်သူများနှင့်  မြို့ပေါ် ဆွေမျိုးရှိသူများ တစ်ချို့က ၎င်းတို့၏ သားသမီးများကို မြို့ကျောင်းအသီးသီးတွင် ထားနိုင်သော်လည်း မြို့ပေါ်မတက်နိုင်သည့် သူများက ကျေးရွာမှာ ကျောင်းဖွင့်လှစ်နိုင်ခြင်းမရှိသောကြောင့် ကလေးများ၏ ပညာရေးအတွက် အလွန်စိတ်မကောင်းဖြစ်ရ သည်ဟု ဒေသခံများကပြောသည်။

လက်ရှိ ရေကြည့်ကျေးရွာမှာ အစိုးရက ဖွင့်လှစ်ထားသည့် အခြေခံမူလတန်းကျောင်းတစ်ခု ရှိသော်လည်း စစ်ကောင်စီအောက် ကျောင်းများဖွင့်လှစ်သင်ကြားခြင်းမပြုရန်တားမြစ်ခံထားရသောကြောင့် သင်ကြားပေးမည့် ဆရာ/မများသည် လုံခြုံရေးအတွက်စိုးရိမ်းနေရသဖြင့် သင်ကြားပေးမည့် သူမရှိကြောင်း သိရသည်။

ထို့အပြင် နေရပ်ပြန်လည်ချထားရေးဖြင့် နေထိုင်နေကြသည့် ရေကြည် ပြည်သူများသည် ကျေးရွာအတွင်း ဆေးရုံ၊ ဆေးပေးခန်း မရှိသောကြောင့် မိုးတွင်းကာလအတွင်း ရာသီးပေါ်ရောဂါများနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများအတွက် သားဖွားမီယပ်ဆေးကုသရေးဆိုင်ရာ အသိကျွမ်းသည့် ဆရာဝန်များမရှိသည့်အတွက်ကြောင့်လည်း ကျန်းမာရေး ပြဿနာများရင်ဆိုင် နေကြရသည်ဟု ဒေသခံများပြောသည်။

အဆိုပါ နေရပ်ပြန်ရေးနှင့် ပြန်လည်နေရာချထားပေးသည့် ရေကြည်စစ်ရှောင်ပြည်သူများအတွက် သက်ဆိုင်ရာမှ ပညာရေးနှင့် ကျန်းမာရေးအတွက် ဦးစားပေး အမြန်ဆောင်ရွက်ပေးရန် တောင်းဆိုနေကြပါသည်။

ဆေးရုံ၊ဆေးခန်းတွေမရှိတော့ တစ်ခုခုဖျားတာနာတာဆိုရင် အရမ်းခက်တယ်။ မြို့ဘက်ကိုပဲပြေးနေရတယ်။ အခုလက်ရှိခက်ခဲနေတာက မီးလည်းမရဘူး၊ ရေလည်းရေတွင်းသာရှိတာ ရေမရှိဘူး။ ဒီဟာတွေဆို အဲ့လောက်တောင်အရေးမကြီးသေးဘူး၊ အရေးကြီးဆုံးက ကလေးတွေရဲ့ ပညာရေးနှင့်ဆေးရုံ၊ဆေးပေးခန်းပဲ အဓိကအရေးကြီးနေတယ်လို့ တောင်းဆိုချင်တယ်။ဒီမှာက သားဖွားဆရာမတွေလည်းမရှိဘူး။အဲ့တာကြောင့် မြို့ကိုပဲသွားတယ်ဟု နေရပ်ပြန် စစ်ရှောင်အမျိုးသမီး တစ်ဦးကပြောသည်။

ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိသော တာလောကြီး၊ ရေကြည်၊ တာပတောင်း စသည့်ကျေးရွာများသည် မြစ်ကြီးနာမြို့ပေါ်မှ ဆိုင်ကယ်ဖြင့် မိနစ် ၂၀ ခန့် သွားရသည့် ကျေးရွာများလည်းဖြစ်သည်။

ထို ဒေသခံစစ်ရှောင်ပြည်သူများသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် မေလတွင် နေရပ်ပြန်ကြသည့် စစ်ရှောင်များဖြစ်ကြပြီး ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးရေးဌာန KBC HDD အကူအညီဖြင့် နေအိမ် ၉၀ ဆောက်လုပ်ပေးကာ ပြန်လည်နေရာချပေးခဲ့သည်။

လက်ရှိတွင် ဒေသခံ နေရပ်ပြန်စစ်ရှောင်များနှင့် ပြန်လည်နေရာချထားရေးတွင်နေထိုင်နေသည့် အိမ်ခြေ စုစုပေါင်း၁၀၀ ကျော်ရှိပြီး နေရပ်ပြန်ကာလ ၁ နှစ်ပြည့်ပြီဖြစ်သော်လည်း လက်ရှိချိန်ထိ ရေ၊ မီး၊ ကျန်းမာရေး၊ ပညာရေးအဖက်ဖက်မှ အခက်အခဲများစွာကြုံတွေ့နေရဆဲဖြစ်သည်ဟုသိရသည်။

Show More

Related Articles

Back to top button