သတင်း

ပြန်ပေးဆွဲမှု၊ ခြိမ်းခြောက်ငွေတောင်းခံမှု များပြားလာတဲ့ ဖားကန့်မြို့

ဖားကန့်မြို့နယ်မှာ လုပ်ငန်းရှင်တွေကို ပစ်မှတ်ထားပြီး ပြန်ပေးဆွဲခံရမှု၊ ဖုန်းဆက်ပြီး ခြိမ်းခြောက်ငွေတောင်းခံမှုနဲ့ ခိုးဆိုးလုယက်မှုတွေ ယခုနောက်ပိုင်း ပိုမိုများပြားလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြန်ပေးစွဲသူ၊ ငွေခြိမ်းခြောက်သူတွေဟာ အထူးသဖြင့် ကုန်စုံဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ဆီဆိုင်၊ ရွှေဆိုင်စတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေကို ပစ်မှတ်ထားလေ့ရှိတယ်လို့ သိရပါတယ်။

ဇွန်လ ၁၃ ရက်နေ့မှာ မရှီကထောင်ရပ်ကွက်က မြို့မ ကဖေး လက်ဖက်ရည် ဆိုင်ပိုင်ရှင် ဦးသိန်းလွင်ဟာ နေအိမ်ကနေ ဆံပင်ညှပ်ဖို့ထွက်သွားရာကနေ ပြန်ပေးဆွဲခံထားရပြီးနောက် သားဖြစ်သူကို ဖုန်းဆက်လာပြီး ငွေကျပ်သိန်း သုံးရာနဲ့ ရွှေတစ်ဆယ်သားနဲ့ပြန်ရွေးရမယ်ဆိုပြီး ဖုန်းဆက်အကြောင်းကြားတဲ့အတွက် သားဖြစ်သူဟာ ရွှေနဲ့ငွေ စုစုပေါင်းကာလတန်ဖိုး သိန်းခြောက်ရာဝန်းကျင်ကို ချိန်းဆိုထားတဲ့ နေရာကို ပို့ပေးခဲ့ပါတယ်။

ဒါပေမယ့် ယနေ့ထိ လွှတ်မြောက်လာတာမရှိသေးဘဲ ငွေထပ်မံတောင်းတဲ့ ဖုန်းခေါ်ဆိုမှုကိုသာ လက်ခံနေရတယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဒါ့အပြင် ဇွန်လ ၁၇ ရက်နေ့မှာလည်း ဆိုင်းတောင်ကျေးရွာအုပ်စု မမုံကျေးရွာ နေခြည်ဆည်းဆာ လက်ဖက်ရည်ဆိုင်ပိုင်ရှင် ဦးဇော်ကြီးကိုပျူစောထီးအဖွဲ့ခေါင်းဆောင် ဗိုလ်စောမောင်က ဖုန်းခေါ်ခိုင်းတယ်ဆိုပြီး လူတစ်ယောက်က ကိုယ်စား ဖုန်းခေါ်လာပြီး ငွေတောင်းခံခဲ့ပါတယ်။ အဲဒီထဲမှာဆိုရင် ငွေကျပ် ဆယ်သိန်းကို ဖားပြင်ကျေးရွာအနီးစခန်းကို လာပေးရန်၊ လူကိုယ်တိုင်မလာရဲပါက Wave Money ဖြင့် ခုနှစ်သိန်းလွှဲပေးဖို့ ခြိမ်းခြောက်ခဲ့ပါတယ်။

ဇွန်လ ၁၉ ရက်နေ့ ဖားပြင်ကျေးရွာ ကုန်စုံဆိုင်ပိုင်ရှင်ကိုပျူအဖွဲ့ဝင်လိုဆိုတဲ့လူတစ်ယောက်က ဖုန်းဆက်လာပြီး ငွေကျပ် သိန်း ၅၀ လွှဲပေးဖို့ ပြောဆိုလာပြီး ငွေလွှဲပေးခြင်းမရှိပါက ဆိုင်အထိလာရောက်ဖမ်းဆီးမယ် လို့ခြိမ်းခြောက်ခဲ့တဲ့ဖြစ်စဉ်ရှိခဲ့ပါတယ်။

ယခုလို ပြည်သူများကို ခြိမ်းခြောက် ပြန်ပေးဆွဲကာ ငွေတောင်းခံနေသူများသည် စစ်ကောင်စီက ခွင့်ပြုထားသည့် မူးယစ်ဆေးဝါး၊ လောင်းကစားဝိုင်းမှ လူတစ်စုဖြစ်နိုင်သလို တော်လှန်ရေးအကြောင်းပြပြီး ကိုယ်ကျိုးစီးပွား လုပ်ဆောင်နေသူတွေလည်း ဖြစ်နိုင်တယ်လို့ ဖားကန့် ဒေသခံတစ်ဦးက KNG ကို သုံးသပ်ပြောဆိုခဲ့ပါတယ်။

အဓိကအရင်းအမြစ်ကတော့ လောင်းကစားဘဲ ဖားကန့်မှာတော်လှန်ရေးကာလအတွင်းမှာ လောင်းကစားတွေအရမ်းများတယ် နေရာတိုင်းလိုလိုမှာ ခွင့်ပြုထားကြတယ်။ ပြီးတော့ မူးယစ်ဆေးပေါ့ ဒီနှစ်ခုရဲ့ဆိုးကျိုး သက်ရောက်မှုက ရိုးရိုးသားသားနေထိုင်တဲ့ ပြည်သူလူထုတွေရဲ့နေ့စဉ်သွားလာနေတဲ့ဘဝမှာခြိမ်းခြောက်လာနေပါတယ်လို့ ပြောပါတယ်။

ပြန်ပေးဆွဲခံထားရတဲ့သူတွေ လွှဲပေးတဲ့ငွေတွေကိုတော့ မန္တလေးနဲ့ တာချီလိတ်ဘက်မှာ ထုတ်ယူနေတယ်လို့ သိရပြီး ဒီလုပ်ရပ်တွေရဲ့ နောက်ကွယ်ကနေ စစ်တပ်က ထိန်းချုပ်နေတာဖြစ်တယ်လို့ KIA ပတ်သက်ဆက်နွယ်တဲ့ ဖားကန့်ဒေသခံတစ်ယောက်က ပြောပါတယ်။

ရွှေဆိုင် ဆီဆိုင်တွေက တစ်ချို့တွေကြောက်လို့လွှဲပေးတာရှိတယ် တစ်ချို့ကျတော့ တရားဝင်တယ်ဆိုရင် ဆိုင်အထိလာပါ ပိုက်ဆံပေးမယ်ပြောတော့ မလာဘူး။ ကြောက်လို့ထည့်ပေးလိုက်တဲ့ငွေကိုကျတော့ မန်းလေးနဲ့တာချီလိတ်ဘက်မှာ ထုတ်တာတွေရှိတယ်လို့သိရတယ်။ အဲဒါကို ကျနော်တို့ စုံစမ်းသိရှိချက်အရကတော့ ခေါင်းဆောင်က တရုတ်လူမျိုးဖြစ်တယ်လို့ သိရတယ် သူကမန်းလေးမှာအခြေချပြီးတော့ ဖားကန့်ဘက်မှာလူလွှတ်ပြီး လုပ်နေတာလို့ သိတယ်။ ဒီစဉ်တွေအားလုံးက စစ်တပ်က ဖားကန့်ကိုဖျက်ဆီးချင်တာဖြစ်တယ် KIAရဲ့ ဝင်တွေရနေတဲ့နေရာဖြစ်တဲ့အတွက် ပိုက်ဆံရှိတဲ့လူတွေမနေရဲအောင် ဖားကန့်မြို့ကို ကမောက်ကမဖြစ်အောင်လုပ်နေတာ ဗျူဟာကျကျလုပ်နေတာ ဖြစ်တယ်

ဒါပေမယ့် ငွေထုတ်ယူခဲ့တဲ့တည်နေရာဟာ မန္တလေးနဲ့ တာချီလိတ်မြို့ဟုတ် မဟုတ်ကို KNG သတင်းဌာနအနေနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။

ဖားကန့်ဒေသမှာ ပြန်ပေးဆွဲမှုနဲ့ ဖုန်းဆက်ကာြခိမ်းခြောက်ငွေတောင်းမှု၊ ခိုးဆိုးလုယက်မှုတွေဟာ စစ်အာဏာသိမ်းပြီး ၂ နှစ်ကြာ ဒီနှစ်ဆန်းပိုင်းမှပဲ စတင်ဖြစ်ပွားလာတာပါ။ ဒီဖြစ်ရပ်အားလုံးကို အာဏာသိမ်းယူထားတဲ့ စစ်တပ်မှာသာ အဓိက တာဝန်ရှိတယ်လို့ ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဟိန်းမင်းက KNG ကို ပြောပါတယ်။

ဒီနေ့ဒီချိန်မှာ ဘယ်သူက နိုင်ငံတော်အာဏာကို ယူထားလဲ ခုချိန်က စစ်ကောင်စီက အာဏာသိမ်းယူထားတဲ့စစ်ကောင်စီမှာ လုံးလုံးတာဝန်ရှိတယ်လို့ပြောချင်ပါတယ်။ သူတို့ကိုယ်တိုင်လည်း အစိုးရလို့ခံယူပြီး ကြွေးကြော်ထားတဲ့အတွက် ဒီပြဿနာတွေ အားလုံးဟာ အစိုးရတစ်ရပ်က ဖြေရှင်းရမယ့်ကိစ္စတွေပေါ့နော်။ ကျနော်ပြောချင်တာက စစ်ကောင်စီအနေနဲ့ ဖားကန့်မှာ ခုလို ဖြစ်နေတာတွေကို တာဝန်ယူရမယ်လို့ ပြောချင်ပါတယ် 

ဒါ့အပြင် ဖားကန့်မြို့နယ်ထဲမှာရှိတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်အားလုံးဟာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ထိန်းချုပ်မှု အောက်မှာရှိတာကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ မိမိတို့တပ်ဖွဲ့ဝင်တွေအတွက် ရံပုံငွေရှာခွင့်ပင် ခွင့်ပြုထားခြင်း မရှိသောကြောင့် ဖားကန့်မြို့နယ်မှာဖြစ်ပွားနေတဲ့ ပြန်ပေးဆွဲမှု၊ ခြိမ်းခြောက်ငွေတောင်းခံမှုတွေဟာ ဖားကန့်ကာကွယ်ရေးတပ်နဲ့ လုံးဝပတ်သက်ဆက် နွယ်မှု မရှိကြောင်း ဦးအောင်ဟိန်းမင်းက ဆက်ပြောပါတယ်။

ဖားကန့်မြေမှာ ခေတ်အဆက်ဆက် စစ်ခေါင်းဆောင်နှင့် မိသားစုဝင်တွေအပြင် သူတို့နဲ့ဆက်စပ်တဲ့ စစ်ဗိုလ်တွေဟာ ကျောက်စိမ်းကနေ အကျိုးအမြတ်အများအပြားရရှိခဲ့တာကြောင့် စစ်တပ်အနေနဲ့လုံးဝလက်လွှတ်မယ့်နေရာမဟုတ်တဲ့အပြင် ဖားကန့်မြို့နယ်တစ်ခုလုံး အပြည့်အဝထိန်းချုပ်နိုင်အောင် စစ်တပ်က ရတဲ့နည်းနဲ့ လုပ်ဆောင်နေမှာဘဲလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ဖားကန့်ဒေသရဲ့ ခိုးဆိုး လုယက်မှုတွေကို ဖမ်းဆီးအရေးယူမယ့်အစား စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ပြည်သူတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကိုသာ ဖမ်းဆီးနေတဲ့အတွက် လက်ရှိမှာဖားကန့်မြို့မှာ ပြစ်မှုကျူးလွန်နေသူအများစုဟာ လွတ်မြောက်နေကြဆဲ ဖြစ်ပါတယ်။

Show More

Related Articles

Back to top button