တိုက်ပွဲသတင်း

ဆဒုံး- ကန်ပိုက်တီလမ်းမှာ စစ်ကောင်စီတပ်လက်အောက်ခံပြည်သူ့စစ်တပ်နဲ့ KIA တပ်တို့ကြား စစ်ရေးတင်းမာနေဆဲ

ဆဒုံး-ကန်ပိုက်တီလမ်းမှာ စစ်ကောင်စီတပ်လက်အောက်ခံပြည်သူ့စစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တို့ကြား တိုက်ပွဲဖြစ်ပွားနေတာ တစ်ပတ်ဝန်းကျင်ရှိလာပြီလို့ KIA နဲ့နီးစပ်သူတွေက ပြောပါတယ်။

ဇွန်လ ၂၆ရက်နေ့ကနေ စစ်ကောင်စီတပ်ရဲ့ ခမရ ၃၈၄တပ် နဲ့ရွှေမင်းပြည်သူ့စစ်ပူးပေါင်းတပ်တို့ဟာ ဆဒုံး- ကန်ပိုက်တီလမ်းကြောင်းကို နယ်မြေရှင်းလင်းရေးခေါင်းစဉ်နဲ့ ဆဒုံးဗျူဟာကုန်းကနေ KIA တပ်ရင်း ၃နယ်မြေဘက်ကို စစ်ကြောင်းထိုးဝင်လာရာကနေ နှစ်ဖက်ထိတွေ့တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှုအထိ လုပ်ဆောင်နေတယ်လို့ KIO ဗဟိုဌာနချုပ် သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဆိုပါတယ်။

“ဆဒုံးဘက်က သူ့ရဲ့အခြေနေကတော့ ဇွန်လ၂၆ရက်နေ့ကနေစတယ်လို့ပြောလို့ရပါတယ် စစ်ကောင်စီဘက်ကတော့ အဲ့ဒီဆဒုံး-ကန်ပိုက်တီလမ်းတကြောတွေကို စိုးမိုးချင်လို့ စစ်ကြောင်းတွေထိုးတဲ့အခါကျတော့ ကျနော်တို့KIAတပ်နဲ့တိုက်ပွဲ ဖြစ်တဲ့အနေအထားပါ တိုက်ပွဲရဲ့အခြေနေကတော့ မြေပြင်တိုက်ပွဲတွေလည်းရှိတယ် ဂျက်ဖိုက်တာနဲ့ဗုံးကြဲတဲ့ အနေအထားလည်းရှိတယ် ဒရုန်းနဲ့ဗုံးကြဲတဲ့အနေအထားလည်းရှိပါတယ်။ အခုနောက်ဆုံးအခြေနေကိုပြောရမယ်ဆိုရင် အဲ့ဒီတစ်ဝှိုက်မှာတော့ ဆက်ပြီးတော့တိုက်ပွဲဖြစ်ဖို့အခြေနေများပါတယ်”လို့ ပြောပါတယ်။

တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်မှုရှိသလို စစ်တပ်ဘက်က ဇူလိုင်လ ၁ ရက်နေ့ ညနေ ၄နာရီဝန်းကျင်မှာတော့ KIA တပ်ရင်း ၃ နယ်မြေကို ဂျက်လေယာဉ်နဲ့ ၂ကြိမ်တိတိ လာရောက်ဗုံးကြဲတိုက်ခိုက်တာတွေရှိခဲ့ပြီး အဲဒီ ည ၁၁ နာရီဝန်းကျင်မှာတော့  ဝူယန်ကျေးရွာမှာတပ်စွဲနေထိုင်တဲ့ ရွှေမင်းပြည်သူ့စစ်စခန်းကို KIA ဘက်ကတစ်ဖန် လက်နက်ကြီးတွေနဲ့သွားရောက်ပစ်ခတ် တာတွေရှိခဲ့တယ်လို့ သိရပါတယ်။

နှစ်ဖက်ထိတွေ့တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှုတွေရှိနေပေမယ့် အသေးစိတ်ကိုတော့ မသိရှိရသေးပါဘူး။ လက်ရှိမှာ ဆဒုံး- ကန်ပိုက်တီလမ်းကြောင်းတစ်လျှောက် နေရာကွက်ပြီး တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပါတယ်။

ဆဒုံး-ကန်ပိုက်တီလမ်းဟာ KIA တပ်ရင်း၃ရဲ့ လှုပ်ရှားရာ နယ်မြေလည်းဖြစ်ပြီး ပြီးခဲ့တဲ့မေလအတွင်း KIAရဲ့ခွင့်ပြုချက်နဲ့ ဂိတ်ထိုင်တဲ့ အခွန်ကောက်တဲ့ဂိတ်တစ်ခုကို ရွှေမင်းပြည်သူ့စစ်အဖွဲ့က သွားရောက်ပစ်ခတ်ခဲ့တာကြောင့် လုပ်ငန်းရှင် ၃ဦးသေဆုံးပြီး ဂိတ်နားမှာစျေးရောင်းနေတဲ့ အရပ်သားပြည်သူတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ဖြစ်စဉ်တွေလည်းရှိခဲ့ပါတယ်။

ဒါ့အပြင် လက်ရှိချိန်မှာ ဆဒုံး-ကံပိုက်တီလမ်းပိုင်းတွင် စစ်ရေးတင်မာနေတဲ့အပြင် စစ်ကောင်စီတပ်နဲ့ရွှေမင်းပြည်သူ့စစ်ပူးပေါင်းတပ် အင်အား ၂၀၀ ဝန်းကျင်က ခရီးသည်ကားများ အိမ်စီးကားများကိုလည်း တားဆီးစစ်ဆေးတာတွေလုပ်နေတဲ့အပြင် စစ်အင်အားထပ်ဖြည့်တာတွေရှိနေတယ်လို့ သိရပါတယ်။

အလားတူ ဆဒုံးနယ်တစ်လျှောက် စစ်ရေးတင်မာနေတဲ့အတွက် အင်ဝမ့်ကောင်ကျေးရွာက စာသင်ကျောင်းတွေလည်း ပိတ်ထားရတယ်လို့ ဒေသခံတွေကပြောပါတယ်။

Show More

Related Articles

Back to top button