သတင်း

မန္တလေးကနေ ကချင်ပြည်ဘက်ဆန်တက်နေတဲ့ စစ်သင်္ဘောကနေ စစ်ကောင်စီတပ်တွေက မြစ်ကမ်းတစ်လျှောက် ရွာတွေကို ဆက်တိုက်ပစ်ခတ်လာ

မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းကနေ ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာနေတဲ့ စစ်သင်္ဘော ၉စီးက စစ်ကောင်စီတပ်သားများဟာ မြစ်ကမ်းတစ်လျှောက်မှာရှိတဲ့ ရွာတွေကိုဆက်တိုက်ပစ်ခတ်လာနေတယ်လို့ ထီးချိုင့်ကကာကွယ်ရေးတပ်ဖွဲ့ဝင်တွေထံကနေ သိရပါတယ်။

အဲ့ဒီ စစ်သင်္ဘောတွေဟာ ဩဂုတ်လ ၁ ရက်နေ့ သပိတ်ကျင်းမြို့ကနေ ဆန်တက်တာဖြစ်ပြီး မနေ့ကညနေ  ၅နာရီလောက်မှာ ထီးချိုင့်မြို့နယ်ကို ရောက်ရှိခဲ့တယ်လို့ ထီးချိုင့်ကာကွယ်ရေးတပ်တွေကပြောပါတယ်။

အဲဒီနောက် ဒီကနေ့မနက် ၆နာရီ လောက်မှာတော့ ထီးချိုင့်ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်းဆက်ပြီး ဆန်တက်လာနေတာဖြစ်တယ်လို့ စစ်ကောင်စီတပ်တွေဟာ သင်္ဘောဆန်တက်လာရာ မြစ်ကြောင်းတစ်လျှောက် လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ ဆက်တိုက်ပစ်ခတ်လာတာတွေကြောင့် ထီးချိုင့်မြို့နယ် ကနေအိမ်၂လုံး ပျက်ဆီးခဲ့ရတဲ့အပြင်အရပ်သားတွေသေဆုံးတာ တွေရှိနိုင်တယ်လို့လည်း ထီးချိုင့်မြို့နယ်က ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

အခုလက်ရှိကတော့ ကသာမြို့နယ်ထဲက သံပုရာရွာကိုကျော်သွားပြီ ဒီမနက် မိုးလင်းလင်းချင်း ၆နာရီ လောက်က စထွက်လာတာ တက်လာတဲ့ လမ်းတစ်လျှောက်အကုန်လုံးကို ပစ်ခဲ့တာပဲ ကျွဲတွေနွားတွေ လူတွေလည်းသေနိုင်တယ် လက်နက်ကြီးကျလို့ ထီးချိုင့်နယ်က မအူကုန်းနဲ့ နတ်အင်းရွာက ပြည်သူအိမ်၂လုံး ပျက်ဆီးသွားတယ်လို့ပြောပါတယ်။

အဲဒီစစ်သင်္ဘောတွေဟာ ဇူလိုင်လ ၂၆ ရက်နေ နံနက်ပိုင်း ၅ နာရီဝန်းကျင်လောက်မှာ မန္တလေးရေတပ်စခန်းမှ ဧရာဝတီမြစ်ကြောင်း တစ်လျှောက် စစ်ရိက္ခာနဲ့ လက်နက်ပစ္စည်းဆောင်လာတဲ့ စစ်သင်္ဘော ၆ စီး၊ ရိက္ခာသယ် စစ်သင်္ဘောကို လုံးခြုံရေးယူပေးဖို့ရန်အတွက် ၃ စီးနဲ့အတူ စစ်လေယာဉ်တစ်စီးဝေဟင်ကနေ လုံခြုံရေးယူပေးပြီးတော့ ဆန်တက်လာခဲ့ရာကနေ ဇူလိုင်လ ၂၈ ရက်နေ့မှာတော့ သပိတ်ကျင်းမြို့နယ်အဝင်မှာ မဟာမိတ်ပူးပေါင်းတပ်တွေ စောင့်ကြိုတိုက်ခိုက်ခံခဲ့ရပါတယ်။

မဟာမိတ်ပူးပေါင်းတပ်တွေရဲ့စောင့်ကြိုတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဘက်မှ သင်္ဘောတစ်စီးပျက်စီးသွားပြီး ထိခိုက်သေဆုံးသူတွေရှိခဲ့ပြီး ဒဏ်ရာရရှိသူတွေကို သပိတ်ကျင်းမြို့ဆေးရုံမှာ ဆေးကုမှုခံယူနေကြဖို့ တစ်ပတ်ခန့် ရပ်နားခဲ့ကြတာလည်းဖြစ်ပါတယ်။

အဲ့ဒီနောက် စစ်သင်္ဘောတွေဟာ သပိတ်ကျင်းကနေတစ်ဆင့် ကချင်ပြည်နယ် ဗန်းမော်ဘက်ကို ရေကြောင်းအတိုင်း ဒီမနက်ဦးတည်ဆန်တက်နေတဲ့အတွက် မြစ်ကမ်းဘေးက ရွာတွေက ဒေသခံတွေတော့ ဘေးလွှတ်ရာကိုတိမ်းရှောင်နေကြရတယ်လို့ ထီးချိုင့်မြို့နယ်က ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကအခုလိုဆက်ပြောပါတယ်။

ရွာတွေကတော့ သင်္ဘောဆန်ပြီးကျန်ခဲ့တဲ့ရွာတွေကတော့ ပြန်ကပ်နေတယ် သင်္ဘောရောက်နေတဲ့နေရာတွေ က ပြည်သူတွေကတော့ အကုန်ထွက်ပြေးနေရတယ် ရေကြောင်းတစ်လျှောက်ရွာတွေအားလုံးပါပဲ“ လို့ပြောပါတယ်။

အလားတူ မြို့လှကာကွယ်ရေးတပ်ဖွဲ့ကလည်း မြစ်ကြောင်း တစ်လျှောက် စစ်သင်္ဘောတွေ ဆန်တက်လာတဲ့အတွက် တိုက်ပွဲတွေအချိန်မရွေးဖြစ်လာနိုင်တာကြောင့် သတင်းစွင့်ပြီးနေထိုင်ကြဖို့နဲ့ မြစ်ကမ်းနံဘေးမှာနေထိုင်တဲ့ပြည်သူတွေအနေနဲ့ ခေတ္တခနတိမ်းရှောင်ကြဖို့ကိုလည်း ပြီးခဲ့တဲ့ ဇူလိုင် ၂၇ရက်နေ့ကတည်းက သတိပေးထုတ်ပြန်ထားပါတယ်။

Show More

Related Articles

Back to top button