လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

ကျောက်ထိုးကြီးရွာက အိမ်ခြေ ၄၀ ကျော်ကို စစ်တပ်ကမီးရှို့

ကချင်ပြည်နယ် ရွှေကူမြို့နယ် ကျောက်ထိုးကြီးကျေးရွာက လူနေအိမ် ၄၀ ကျော်ကို စစ်ကောင်စီတပ်နှင့် ပျူစောထီးတို့က မီးရှို့သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဇူလိုင်လ ၃၁ ရက်နေ့ကနေ ဒီကနေ့မနက်ထိ ၄ ရက်ကြာ တပ်စွဲခဲ့တဲ့စစ်အင်အား ၁၀၀ နီးပါးရှိတဲ့ ခလရ ၁၂၁ တပ်နှင့် ပျူစောထီးပူးပေါင်းတပ်တို့က ကျောက်ထိုးကြီးကျေးကို ၃ ရက်ဆက်တိုက်မီးတင်ရှို့ခဲ့ပြီး စုစုပေါင်းအိမ် ခြေ ၄၀ ကျော်ပါသွားတယ်လို့ ကျောက်ထိုးကြီးဒေသခံ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

စစ်ကြောင်းကတော့ဒီမနက်ရွာကနေ ထွက်သွားပြီ အိမ်ခြေ ၄၀ ကျော်ပါသွားတယ် မီးရှိ့တာ။ ဖက်လက်ရည်ဆိုင်တစ်ခုနဲ့ ကုန်ခြောက် ဆိုင်လေးတွေလည်းတချို့ပါသွားတယ် အတိအကျတော့မရသေးဘူးစစ်ကြောင်းကခုမနက်မှရွာထဲကနေ ထွက်သွားတာလေးလို့ အထက်ပါအမျိုးသားကပြောပါတယ်။

ဒေသခံများပြောပြချက်အရ အိမ်ခြေ ၄၇ လုံးခန့်နှင့် လက်ဖက်ရည်ဆိုင်တစ်ခုအပါအဝင် ကုန်ခြောက် ဆိုင်အချို့မီးလောင်တဲ့ထဲပါသွားတယ်လို့သိရပါတယ်။

စစ်ကြောင်းဟာ ဇူလိုင်လ ၃၁ ရက်နေ့ မနက်ပိုင်းဝင်လာတာလို့သိရပြီးထွက်ပြေးခွင့်မရလိုက်တဲ့ ရွာသား အများအပြားကိုလည်း ဘုန်းကြီးကျောင်းမှာ ပိတ်မိနေခဲ့ကြပေမယ့် ဒီကနေ့မနက်တော့ အားလုံးပြန်လည်လွှတ်မြောက်လာပြီလို့လည်း ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

လူဦးရေအများပိုင်းပိတ်မိသွားတယ် ပိတ်မိသွားတဲ့ပြည်သူတွေကိုအားလုံးဘုန်းကြီး ကျောင်းမှာထားပြီးအဲ့မှာပဲနေခိုင်းတာ။ ဘာမှတော့မလုပ်သွားဘူးပြည်သူတွေကိုတော့”လို့ ပြောပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ လက်ရှိမန္တလေးတိုင်းကနေ ကချင်ပြည်နယ်တက်လာနေတဲ့ စစ်သင်္ဘော ၉ စီးကို မြစ်ကြောင်းတစ်လျှောက် ကုန်းလမ်းနဲ့လုံခြုံရေးပေးဖို့ ကသာဘက်ကနေတက်ဝင်လာတဲ့ စစ်ကြောင်းဖြစ်တယ်လို့ သိရပြီး ဩဂုတ်လ ၁ ရက်နေ့မှာ ကျောက်ထိုးကြီးရွာနားမှာ ကာကွယ်ရေးတပ်နဲ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကျောက်ထိုးကြီးရွာမှာ ၄ ရက်ကြာ ဝင်ရောက်နားနေတာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီနောက် ဒီကနေ့မှတော့ စစ်သင်္ဘောတွေဟာ ကသာနယ်ထဲဝင်လာပြီး ကချင်ပြည်နယ်နဲ့ နီးစပ်လာနေပြီဖြစ်တာကြောင့် ဒီနေ့မနက် ဗန်းမော်ဘက်ကို စစ်ကြောင်းထိုးသွားတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ရွှေကူနယ်အရှေ့ခြမ်းနဲ့ အနောက်ဘက်ခြမ်းရှိကျေးရွာတွေကို ဝင်ရောက်မီးရှို့မှုပုံမှန်ပြုလုပ်နေတာဖြစ်ပြီး ဇူလိုင်လ တုန်းကလည်း မင်းကျောင်းကုန်းနှင့်ချောင်းဝကျေးရွာထဲက အိမ်ခြေ ၁၀ လုံးခန့်ကို မီးရှို့ ဖျက်ဆီးခဲ့တဲ့အပြင် ပြီးခဲ့တဲ့ ဧပြီလအတွင်း ရွှေကူအရှေ့ခြမ်းကျေးရွာတွေမှာ ကာကွယ်ရေးတပ်နဲ့ စစ်တပ်တို့ကြားတိုက်ပွဲကြောင့် ဒေသခံတွေရဲ့လူနေအိမ် ၉၀၀ ကျော်မီးလောင်ဆုံးရှုံးခဲ့ရပါတယ်။

ကျောက်ထိုးကြီးကျေးရွာဟာ ရွှေကူမြို့အနောက်ဘက်ဧရာဝတီမြစ်တစ်ဖက်ကမ်းမှာတည်ရှိပြီး အိမ်ခြေ ၂၀၀ ကျော်ရှိတဲ့ကျေးရွာဖြစ်ပါတယ်။

Show More

Related Articles

Back to top button