လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

ဒီပဲယင်းက မရကန်ရွာ ၃ ကြိမ်မြောက်မီးရှို့ခံရ

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် မရကန်ရွာကို စစ်ကောင်စီတပ်ဖွဲ့တွေက ၃ကြိမ်မြောက်မီးရှို့ဖျက်ဆီးခဲ့တဲ့ အတွက် နေအိမ်၂၇လုံးမီးထဲပါသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဩဂုတ်လ၂ရက်နေ့ မနက်ပိုင်းကတည်းက အင်အား၁၅၀ကျော်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက ဒီပဲယင်းအရှေ့ခြမ်းကို ဝင်ရောက်စစ်ကြောင်းထိုးခဲ့ပြီးတော့ ညနေပိုင်း ၄နာရီလောက်ပိုင်းမရကန်ရွာကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ People’s Defense Comrade ကပြန်ကြားရေးတာဝန်ခံကိုထူးခန့်က ပြောပါတယ်။

မနက်အစောပိုင်းက ရေဦးကနေ ဒီပဲယင်းအရှေ့ခြမ်းကို လက်နက်ကြီးတွေပစ်ခတ်ပြီး ဝင်လာခဲ့ တယ် ညနေပိုင်းလောက်မှာမီးရှို့ခဲ့တာ အဲ့မှာဒီနေ့တော့စစ်ကြောင်းငြိမ်လို့ ရွာသားတွေပြန်ဝင်မီးတွေဘာတွေ ငြိမ်းတော့ နေအိမ်၂၇လုံးပါသွားတယ် မရကန်ရွာကဒါနဲ့ဆို၃ကြိမ်မြောက်ရှို့ခံခဲ့ရတာပါလို့ပြောပါတယ်။

ဒါ့အပြင် မရကန်ရွာကိုဝင်ရောက်တဲ့အချိန် လက်နက်ကြီးတွေနဲ့ရမ်းသမ်းပစ်ခတ်ခဲ့တဲ့အတွက် မရကန်ရွာ အနီး ရွာရှည်ရွာက ကိုယ်ဝန်ဆောင်အမျိုးသမီးနဲ့သူရဲ့အမျိုးသားဖြစ်သူတို့ လက်နက်ကြီးထိမှန်ဒဏ်ရာရခဲ့ တယ်လို့ သိရပါတယ်။

အဲ့ဒီစစ်ကောင်စီတပ်ဟာ ခမရ ၇၀၈နဲ့ ၇၀၂တပ်ဖွဲ့တွေ ဖြစ်ပြီး ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်နေ့ ကတည်းကရေဦး၊ခင်ဦးနဲ့ဒီပဲယင်းအစပ်က ရွာတွေကို ဝင်ရောက်စစ်ကြောင်းထိုးခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ အဲ့ဒီစစ်ကြောင်းဟာ ဒီပဲယင်းမြို့ပေါ်က စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်သွားခဲ့ပေမဲ့ ဒေသခံ ၂သောင်းခန့်ဟာ ဒီကနေ့အထိပြန် နေရပ်မပြန်နိုင်သေးဘူးလို့ စစ်ဘေးရှောင်ကူညီနေသူတစ်ဦးက အခုလို ပြောပါတယ်။

စစ်ဘေးရှောင်တွေကတော့ မိုးထဲရေထဲပြေးနေရတော့ အရမ်းကိုဒုက္ခရောက်နေရတယ် စစ်ကြောင်းက မနေ့ညကတော့ မရကန်မှာအိပ်တယ် ဒီမနက်၈နာရီလောက်မှာ ဒီပဲယင်းမြို့ပေါ်ကို ပြန်ဝင်သွားပေမဲ့ ဒေသခံတွေကတော့ ဒီနေ့အထိ တိမ်းရှောင် နေရတယ်လို့ပြောပါတယ်။

မရကန်ရွာကိုမီးရှိုခဲ့တာဟာ အဲ့ဒီရွာအနီးမှာပဲ ဒေသကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ခဲ့ပြီးတော့ စစ်ကောင်စီတပ်ဘက်က အထိနာခဲ့တဲ့အတွက် မရကန်ရွာက နေအိမ်တွေကိုမီးရှို့ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

မရကန်ရွာဟာ အိမ်ခြေ၅၀၀ခန့်ရှိပြီးတော့ ပြီးခဲ့တဲ့ ၂၀၂၂ဧပြီလနဲ့ ၂၀၂၃ ဇန်နဝါရီလတွေမှာလည်း နေအိမ် ၁၀၀နီးပါး မီးရှို့ဖျက်ဆီးခံထားရတဲ့ ကျေးရွာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

အာဏာသိမ်းပြီးတဲ့နောက်ပိုင်း မြန်မာနိုင်ငံတဝှမ်း စစ်ကောင်စီတပ်က နေအိမ်ပေါင်း၈၁,၈၉၉ လုံးမီးရှို့ ဖျက်ဆီးခဲ့တယ်လို့ မြန်မာ့ မဟာဗျူဟာနဲ့မူဝါဒလေ့လာရေး အင်စတီကျု( ISP-Myanmar)က ပြီးခဲ့တဲ့ ဇူလိုင် ၂၈ ရက်နေ့က ထုတ်ပြန်ထားပါတယ်။ 

Show More

Related Articles

Back to top button