သတင်း

တနိုင်းမြို့ပေါ်မှာ ရွှေမှော် ၃ ခုကထွက်လာတဲ့ ပြည်သူတွေတစ်ထောင်ဝန်းကျင် သောင်တင်နေဆဲ

တနိုင်းမြို့အထက်မှာရှိကြတဲ့ ပယင်းမှော်နဲ့ ရွှေမှော်ဒေသ ၃ နေရာက ပြည်သူတွေကို မှော်ထဲကနေ ထွက်ခွာကြဖို့ စစ်တပ်ကပြောဆိုထားတဲ့နောက်ပိုင်း  လက်ရှိ မြို့ပေါ်မှာတော့ လူဦးရေ တစ်ထောင်ကျော်လောက်က သောင်တင်နေကြတယ်လို့ မြို့ခံတွေကပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၁၅ ရက်နေ့ကနေစပြီး ဇူလိုင် ၃၀ ရက်အတွင်းမှာ မှော်တွေထဲကနေ ထွက်ခွာဖို့ပြောဆိုထားတာကြောင့် လုံခြုံရေးအတွက်စိုးရိမ်ကြပြီး ထွက်ခွာလာကြရာ ခုတနိုင်းမြို့ပေါ်မှာ သောင်တင်နေတာ ရက်ပေါင်း ၂၀ လောက်ရှိလာပြီဖြစ်တယ်လို့ တနိုင်းဒေသခံတစ်ယောက်က KNG ကိုပြောပါတယ်။

ရွှေမှော် ပယင်း အဲ့နေရာတွေမှာ ရှိတဲ့သူတွေကို ထွက်ဖို့ပြောလို့ အများကြီးထွက်လာကြတယ်။ အခုဒီမှာ သောင်တင်နေတာ တစ်ထောင်ကျော်လောက်ရှိတယ်။ ဒီတနိုင်းမြို့ပေါ်မှာတင်မဟုတ်ဘူး မိုင်းခွန်နေရာတွေမှာလည်း အများကြီးရှိတယ်လို့ကြားတယ်။ တည်းမယ့်နေရာတောင် မရှိသလောက်ဖြစ်သွားတယ်။ အားလုံးက လုံခြုံရေးကြောင့် ကြောက်လို့ထွက်လာကြ တာဖြစ်တယ်ပြောပါတယ်။

စစ်တပ်က သတိပေးပြောဆိုလိုက်တဲ့ ပယင်းမှော်နဲ့ရွှေမှော် ၃ နေရာက ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၂၊ တပ်ရင်း ၄၃ နယ်မြေမှာရှိတာဖြစ်တယ်လို့လည်း သိရပါတယ်။

လက်ရှိ တနိုင်းမြို့ပေါ်တွေမှာ တိမ်းရှောင် သောင်တင်နေကြတဲ့ ပြည်သူတွေဟာ နမ့်ကဝပ့်၊ လပူခ၊ ပယင်းမှော် စတဲ့ မှော်ဒေသတွေကဖြစ်ကြပြီး တည်းခိုခန်း၊ ဘုရားကျောင်းဝင်းနေရာနဲ့ ဆွေမျိုးအိမ်နေရာတွေမှာ ခက်ခက်ခဲခဲ တိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေကပြောပါတယ်။

အခုလို စစ်ကောင်စီဘက်ကနေ မှော်ဒေသမှာရှိတဲ့ ပြည်သူတွေကို ထွက်ခွာကြဖို့ပြောဆိုလိုက်တာဟာ သူ့ရဲ့ဝင်ငွေအတွက် ရည်ရွယ်ပြီးတော့ တစ်ဖက်မှာ မှော်ထဲကို ပြန်ဝင်နိုင်ဖို့ရန်အတွက် လုပ်ငန်းရှင်တွေကို ငွေကြေးတောင်းခံတာရှိနေတယ်လို့ တနိုင်းဒေသခံက ဆက်ပြောပါတယ်။

အခုသူတို့ မှော်ထဲကို ဝင်ရမလား ဝင်ရမလားဆိုပြီးစောင့်နေကြတယ်။ စစ်တပ်ဘက်နေ လုပ်ငန်းရှင်တွေကို ငွေကြေးတောင်းနေတယ်လို့ကြားတယ်။ မှော်ထဲကို ပြန်ဝင်နိုင်ဖို့အတွက် သိန်း ခုနှစ်ရာ နဲ့ ရှစ်ရာ တောင်းနေတယ်လို့ပြောတယ်။ အဲ့ကြောင့် အခု လုပ်ငန်းရှင်တွေနဲ့ ပြန်ညှိနေကြဆဲဖြစ်တယ်လို့ မှော်ထဲကို ပြန်ဝင်ကြမယ့် သူတွေကပြောပြတယ်ပြောပါတယ်။

လက်ရှိ ရွှေမှော်ထဲပြန်ဝင်ပြီး လုပ်ငန်းများ ပြန်ပြီးလည်ပတ်နိုင်ဖို့အတွက် စစ်ကောင်စီဘက်ကနေ ငွေကြေးတောင်းခံနေတဲ့အတွက် အချိန်ကြန့်ကြာနေပြီး ပြည်သူများက တနိုင်းမြို့ပေါ်ထဲမှာ သောင်တင်နေဆဲဖြစ်ပါတယ်။

ဒါတင်မကပဲ စစ်ကောင်စီတပ်ဟာ တနိုင်းမြို့နယ်ဘက် စက်သုံးဆီ သယ်ယူတင်သွင်းခွင့်များကိုလည်း ပြီးခဲ့တဲ့ ဇွန်လလောက်ကနေ ပိတ်ပင်ထားတာဖြစ်ပြီး လက်ရှိမှာ စစ်တပ်က သိုလှောင်ထားတဲ့ စက်သုံးဆီများကို ကိုယ်စားလှယ်များနဲ့ ဖြန်ဖြူးရောင်းချပေးနေတာလည်းဖြစ်ပါတယ်။

ဒါပေမယ့် စစ်တပ်က ရောင်းချပေးနေတဲ့ စစ်သုံးဆီဟာ တစ်ပေပါကို ၁၀ သိန်း အထက်နဲ့ တစ်ဂါလံကို ၄ သောင်းဝန်းကျင်အထိရှိတဲ့အတွက် လုပ်ငန်းရှင်က စက်သုံးဆီပြတ်လပ်ပြီး ရွှေမှော်ဘက်ကနေ ထွက်ခွာလာတဲ့ သူတွေလည်းပါဝင်တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်က ထွက်ခွာကြဖို့ ပြောဆိုထားတဲ့ ပယင်းမှော်နဲ့ ရွှေမှော်ဒေသ ၃ နေရာမှာ စစ်တပ်ကို ငွေကြေးပေးဆောင်ပြီး ဆက်လက် လုပ်ငန်လုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်များရှိနေသလို အဲ့ဒီသူတွေကို စစ်တပ်က အကာကွယ်ယူထားပေးတယ်လို့ စုံစမ်းသိရှိရပါတယ်။

အခုလို ရွှေမှော်ဒေသက ပြည်သူတွေကို ထွက်ခွာကြဖို့နဲ့ စစ်သုံးဆီသယ်ယူခွင့် ပိတ်ပင်ထားတာဟာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ကိုပိတ်ဆို့ဖို့အတွက် ဖြစ်တယ်လို့ ပြောဆိုထားတာတွေရှိနေပေမယ့် စစ်တပ်ရဲ့ လုပ်ဆောင်ချက်က သူ့ရဲ့ ဝင်ငွေအတွက် လုပ်ဆောင်နေခြင်းသာဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။

လက်ရှိမှာ တနိုင်းမြို့ပေါ်မှာ သောင်တင်နေကြတဲ့ ပြည်သူ တစ်ထောင်ကျော်လောက်က ရက်ပေါင်း ၂၀ ကျော်ခန့် လာကြာမြင့်လာပြီဖြစ်တဲ့အတွက် တစ်ချို့မှာ မြို့ပေါ်နေရာဘက် ပြန်သွားကြတဲ့သူတွေရှိသလို တစ်ချို့မှာ လက်ရှိအချိန်အထိ ရွှေမှော်ထဲ ပြန်လည် ဝင်ရောက်နိုင်ဖို့ စောင့်ဆိုင်းနေကြတာလည်းဖြစ်ပါတယ်။

Show More

Related Articles

Back to top button