တိုက်ပွဲသတင်း

ပန်ရှီ စစ်ကောင်စီတပ်စခန်းကို KIA က ထပ်မံတိုက်ခိုက်သိမ်းပိုက်

ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာရဲ့ အရှေ့တောင်ခြမ်းဘက်မှာရှိတဲ့ ပန်ရှီ (Pang Shi) စစ်ကောင်စီ တပ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဖွဲ့က ထပ်မံသွားရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။

အဲဒီတပ်စခန်းဟာ ရှမ်းနီအမျိုးသားတပ်မတော် SNA တပ်နဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက စစ်အင်အားအများအပြား တစ်စွဲနေထိုင်ထားတဲ့ တပ်စခန်းဖြစ်တဲ့အတွက် ဩဂုတ်လ ၁၀ ရက်နေ့ မွန်းလွှဲ ၃ နာရီဝန်းကျင် KIA တပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။

ပန်ရှီတပ်စခန်းဟုတ်တယ်။ တိုက်ပွဲကတော့ မနေ့ ညနေ ၃ နာရီလောက်ကနေ ဒီမနက် ၅ နာရီလောက်အထိ ဖြစ်တယ်။ အခုတောင် စစ်ကောင်စီဘက်ကနေ ရမ်းပစ်တာတွေရှိသေးတယ်။ ပြီးခဲ့တဲ့ရက်တွေမှာဖြစ်တဲ့ တိုက်ပွဲတွေက သူတို့ဘက်နေ စစ်ကြောင်းထိုးဝင်လာလို့ဖြစ်တာ။ အခုက သူတို့စခန်းကို KIA က သွားတိုက်တာ။ အမှန်တော့ အဲ့တပ်စခန်းက KIA က သိမ်းပိုက်ထားတဲ့ စခန်းဖြစ်တယ် အဲ့ဒါကို သူတို့က ပြန်ပြီးတပ်စွဲနေတာကြောင့် သွားပစ်တာဟုတ်တယ်လို့ပြောပါတယ်။

ပန်ရှီတပ်စခန်းတိုက်ခိုက်ခံရမှုမှာ စစ်ကောင်စီတပ်နဲ့ SNA တပ်ဘက်က ထိခိုက်သေဆုံးမှုများပြားပြီး  KIA ဘက်ကနေ လက်နက် ခဲယမ်းအများအပြားကိုလည်း သိမ်းယူနိုင်တာတွေမကပဲ တပ်စခန်းအထဲမှာရှိတဲ့ တဲစခန်းများကိုလည်း မီးရှို့ဖျက်ဆီးရှင်းလင်းနိုင်ခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

KIA တပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့တဲ့ ပန်ရှီတပ်စခန်းဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ အတွင်းမှာ KIA က သိမ်းပိုက်ထားတဲ့နေရာဖြစ်ပြီး စစ်ကောင်စီတပ်နဲ့ SNA ပူးပေါင်းတပ်တို့က နှစ်ဆန်းပိုင်းလောက်က တပ်စခန်းပြန်လည် တည်ဆောက်ကာ ပြန်လည်တပ်ချနေထိုင်လာတဲ့အတွက် သွားရောက် တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

ပန်ရှီစစ်ကောင်စီတပ်စခန်း တိုက်ခိုက်ခံရမှုမှာ စစ်ကောင်စီတပ်သားနဲ့ SNA တပ်တစ်ချို့ ထွက်ပြေးလွတ်မြောက်သွားသူများရှိသလို ထိခိုက်သေဆုံးမှုများတယ်လို့ KIA ဘက်နေ ပြောဆိုထားပေမယ့် အတိအကျ သိရှိရန်ခက်ခဲနေဆဲဖြစ်ပါတယ်။

အဲဒီတိုက်ပွဲဖြစ်ပွားခဲ့တဲ့ ပန်ရှီဒေသဟာ ကချင်လွတ်လပ်ရေးတပ်မဟာ ၉ လက်အောက်ခံ တရင်း ၂၆ နယ်မြေဖြစ်ပြီး ဆယ်ဇင်းကျေးရွာကနေ ၄၅ မိနစ်လောက်သွားရတဲ့ နေရာတစ်ခုဖြစ်ပါတယ်။

ဩဂုတ်လ ၇ ရက်နေ့မှာလည်း ဆယ်ဇင်းကျေးရွာ ကြိုးတံတားနားမှာ တပ်စွဲထားတဲ့ SNA တပ်စခန်းတစ်ခုကို KIA က သွားရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး တစ်ဆက်တည်းမှာပဲ ဖားကန့် နမ့်မှော် ကသိုဏ်းတောင် စစ်ကောင်စီတပ်စခန်းကိုလည်း သိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။

အခုလို ဖားကန့်ဒေသမှာ KIA ဘက်ကနေ စစ်ကောင်စီတပ်စခန်းနေရာကို ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်တာတွေ လုပ်ဆောင်နေတဲ့အတွက် ၂ ဖက်တပ်စစ်ရေးတင်းမာတာတွေ ဖြစ်ပေါ်နေပြီး စစ်ကောင်စီဘက်နေ KIA တပ်ရင်း ၆ နေရာတွေမှာ ဗုံးကျဲတိုက်ခိုက်တာတွေ ဆက်တိုက် လုပ်ဆောင်လာတွေ့ရပါတယ်။

Show More

Related Articles

Back to top button