သတင်း

ဝှေခါကျေးရွာအနီး တောတစ်နေရာမှာ သတ်ဖြတ်ခံထားရတဲ့ အမျိုးသမီးငယ်အလောင်းတွေ့

ဖားကန့်မြို့နယ် ဝှေခါကျေးရွာအနီး တောတစ်နေရာမှာ ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့အမျိုးသမီးငယ်တစ်ဦးရဲ့အလောင်းတွေ့ရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

အဲဒီရုပ်အလောင်းကို ဝှေခါကျေးရွာ RC အသင်းတော် ဘုရားကျောင်းကုန်း အထက်ဘက် တောတစ်နေရာမှာ လည်ပင်းနဲ့ နားအောက်မှာ ထိုးသွင်းဒဏ်ရာလေးချက်နဲ့ သေဆုံးလျက်တွေ့ရှိခဲ့တယ်လို့ ဝှေခါကျေးရွာနေအမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။

အလောင်းကို မနေ့ည ၅နာရီမှတွေ့တာ သူတို့ချွန်ထက်တဲ့ဟာနဲ့ထိုးထားတာဒဏ်ရာလေးချက် လည်ပင်းကို ဟိုဖက် ဒီဖက် ၂ချက် နားအောက် နှစ်ဖက်စလုံးမှာ ၂ချက်ထိုးထားတယ်လို့ သေဆုံးသူအမျိုးသမီးနဲ့ရင်းနှီးတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

သေဆုံးသူဟာ ဝှေခါကျေးရွာအုပ်စု ဂျမ်ဂါရွာက အသက် ၂၂ နှစ်ဝန်းကျင်ရှိပြီဖြစ်တဲ့ မကေသွယ်ဦးဆို သူဖြစ်ပြီး သေဆုံးနေတာ ၁ရက်ခန့်အကြာလောက်မှာ ပြန်တွေ့တာဖြစ်တယ်လို့  ဆိုပါတယ်။

အလောင်းကိုတော့ လူမှုကူညီရေးအသင်းက လာကောက်ပေးတယ် သူ့မိသားစုအမေတွေ ဒီမှာရှိတယ် ဘယ်လိုဖြစ်သွားတာလဲဆိုတာတော့စုံစမ်းတုန်းလို့ နောက်ထပ်ဝှေခါဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ဝှေခါကျေးရွာမှာ ယခုနှစ်အတွင်း အခုလိုသတ်ဖြတ်ခံထားရတဲ့အလောင်းတွေ့တာအခုနဲ့ဆို ဒုတိယအကြမ်မြောက်ရှိပြီလို့ ဒေသခံတွေဆီကနေသိရပါတယ်။

ဖားကန့်မြို့နယ်မှာ အာဏာသိမ်းပြီးနောက် ခုလိုသတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်းမကြာခန မြင်တွေ့ရလျှက်ရှိပြီး ဒီလိုသတ်ဖြတ်နေသူတွေဟာ ဘယ်သူဘယ်ဝါဆိုတာ မသိရသေးတဲ့အပြင် ပြစ်မှုကျူးလွန်နေသူတွေဟာ လွတ်မြောက်နေကြဆဲဖြစ်ပါတယ်။

Show More

Related Articles

Back to top button