ဒွမ်ဘန်ရွာနဲ့မန်ပန်ရွာနားတစ်လျှောက် ရွှေတူးနေသူတွေအမြန်ဆုံးထွက်ခွာပေးဖို့ ဒေသခံတွေတောင်းဆို
တနိုင်းသွား လီဒိုလမ်းမကျေးရွာတစ်လျှောက် လဝါးကျေးရွာအုပ်စု ဒွမ်ဘန်ရွာနဲ့မန်ပန်ရွာ ခမာချောင်းနားမှာ ရွှေတူတူးဖော်နေသူတွေအနေနဲ့ ဒီလ ၂၀ ရက်နေ့ အပြီးထွက်ခွာပေးကြဖို့ ဒေသခံတွေက တောင်းဆိုနေတယ်လို့ သိရပါတယ်။
ဒေသခံတွေအနေနဲ့ ဒီရွှေတူးဖော်နေတာတွေကို အမြန်ဆုံးရပ်တန့်ပြီး ထွက်ခွာပေးကြဖို့ ရပ်ကျေးတာဝန်ရှိသူတွေဦးဆောင်ပြီး KIA ဘက်ကို နုတ်နဲ့သော်လည်းကောင်း စာအကြိမ်ကြိမ်တင်ပြီး တောင်းဆိုလာရာကနေ အဲဒီရွှေတူးဖော် နေသူတွေကို KIA ဘက်က ဒီလ ၂၀ ရက်နေ့ နောက်ဆုံးထွက်ခွာပေးကြဖို့ သတိပေးထားပြီးဖြစ်ကြောင်း ဒေသခံတွေဆီ အသိပေးလာတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒါပေမယ့် ဒေသခံတွေအနေနဲ့တော့ သတ်မှတ်ထားတဲ့ ၂၀ ရက်နေ့မတိုင်ခင်ဘဲ ရွှေတူးဖော်တာရပ်ပြီး အမြန်ဆုံးထွက်ခွာပေးကြဖို့ ဒီလ လဆန်း ၇ ရက်နေ့မှာဘဲ ဒွမ်ဘန်နဲ့မန်ပန်ရွာက ရပ်မိရပ်ဖနှစ်ဦးကနေ ထပ်မံသတိပေးထားတယ်လို့ဒွမ်ဘန်ဒေသခံတစ်ဦးက ခုလိုပြောပါတယ်။
“ခုကသူတို့ရဲ့ စက်ပစ္စည်းတွေသိမ်းဖို့ အခွင့်ပေးထားတာဟုတ်တယ် အဲဒါကို ထွက်ဖို့လည်းပြင်ဆင်တာလည်း မရှိဘူး တူးဘဲဆက်တူးနေကြတာ ဒီတိုင်း ၂၀ ရက်နေ့ထိဆက်တူးရင် နေရာတော်တော်ပြောင်သွားတော့မှာ ဒေသခံတွေအတွက် ပိုနစ်နာလာမယ် အဲကြောင့် ကျနော်တို့ဘက်ကတော့ အမြန်ထွက်ပေးကြဖို့ပြောချင်ပါတယ်” လို့ပြောပါတယ်။
ဒွမ်ဘန်ရွာနဲ့မန်ပန်ရွာနားတစ်လျှောက် အရင်က လက်နဲ့တူးတဲ့ရွှေကျင်းတွေသာ ရှိခဲ့ပေမယ့်လို့ ပြီးခဲ့တဲ့နှစ်ကစပြီးတော့ ရွှေဆိုင်းကြီး အလုံး ၅၀ လောက်နဲ့ ရွာစပ်နားထိ တူးဖော်လာတာဖြစ်တယ်လို့လည်း သူကဆက်ပြောပါတယ်။
ဒါ့အပြင် လက်ရှိ ရွှေတူးဖော်နေတဲ့နေရာဟာ ခမာချောင်းကနေတစ်ဆင့် ဒွမ်ဘန်ရွာ အိမ်ခြေ ၆၅၀ ကျော်နဲ့ မန်ပန်ရွာအိမ်ခြေ ၃၅၀ က ဒေသခံတွေရဲ့ လယ်ဧက တစ်ထောင်ကျော်အတွက် ခမာချောင်းကနေ သွယ်ယူတဲ့ ရေလွှဲဆည်မြောင်းဘေးတစ်လျှောက်မှာတူးဖော်နေကြတာ ဖြစ်တယ်လို့လည်း သိရပါတယ်။
ခုလိုရွှေတူးဖော်မှုတွေကြောင့် ဒေသခံတွေရဲ့ စာကျက်မြေမှာ ထိန်းကျောင်းတဲ့ ကျွှဲ၊နွား တွေအတွက်လည်း စားကျက်မြေပျောက်ဆုံးလာပြီး ကျွှဲ၊နွားတွေကဟာလည်း ရွှေတူးဖော်နေတဲ့ ကျင်းတွေမှာပြုတ်ကျသေဆုံးတာတွေဖြစ်လာနေတယ်လို့ ပြောပါတယ်။
“စားကျက်မြေထားတဲ့နေရာမှာလည်း ကျွှဲ၊ နွားတွေသွားပြီဆိုရင် သူတို့ကမောင်းလိုက်တော့ ကျွှဲ၊နွားတွေက စားကျက်မြေမရှိတော့ လယ်ဘက်တွေဝင်လာတယ်။ပြီးတော့ ကျွှဲ၊နွှားတွေလည်း သူတို့ရဲ့ရွှေကျင်းတွေ အိမ်သာကျင်းဟောင်းတွေမှာ ပြုတ်ကျတော့ ခြေလက်တွေနာသွားတဲ့ဟာတွေလည်းရှိလာတယ်။ အဲဒါအပြင် ကျွှဲ၊နွားတွေလည်း ခိုးသတ်စားတာတွေရှိလာတယ်” အထက်မှာဖော်ပြခဲ့တဲ့ ဒွမ်ဘန်ဒေသခံက ပြောပါတယ်။
ဒါ့အပြင် ရွှေမှော်တွေရှိတဲ့အတွက် လောင်းကစားဝိုင်းတွေလည်းရှိလာပြီး ခိုးဆိုးလုယက်မှုတွေလည်း များလာနေတယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် ရွှေတူးဖော်နေသူတွေအနေနဲ့ ဆက်ပြီးတူးဖော်နေမယ်ဆိုရင် ဒေသခံတွေရဲ့လယ်ဧက တစ်ထောင်ကျော်အတွက် သွယ်ယူနေတဲ့ဆည်မြောင်းလည်း ပျက်စီးသွားနိုင်သလို ဒေသခံတွေအနေနဲ့လည်း လယ်ယာလုပ်ကိုင်စားသောက်ဖို့ ပိုမိုခက်ခဲလာနိုင်တယ်လို့လည်း ဒေသခံတွေကပြောပါတယ်။