သတင်း

ဝက်လက်မှာ ကျေးလက်ဆေးခန်းနဲ့စာသင်ကျောင်းကို လေကြောင်းပစ်ခတ်တိုက်ခိုက်ခံရလို့ ပြည်သူ ၄ ဦးထိခိုက်ဒဏ်ရာရ

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် တောင်ဘက်ခြမ်းမှာရှိတဲ့ ပေါက်ကန်ရွာက ဆေးခန်းနဲ့စာသင်ကျောင်းကိုစစ်ကောင်စီတပ်က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားပြည်သူ ၄ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဝက်လက်ဒေသခံတွေဆီကနေ သိရပါတယ်။


မနေ့က ညနေပိုင်း၄နာရီလောက်မှာ တံတားဦးလေဆိပ်ကနေလာတဲ့ ဂျက်ဖိုက်တာနှစ်စီးနဲ့ ၁၅ မိနစ်ခန့်ကြာပစ်ခတ်ခဲ့တာဖြစ်ပြီးတော့ ဒေသခံ ၄ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

“ကျနော်တို့သိရသလောက်တော့ ဆေးခန်းနဲ့စာသင်ကျောင်းကိုပစ်သွားတာ ဆေးခန်းကတော့ ရပ်ကျေးအဖွဲ့က ဆေးခန်းပါ၊ ကျောင်းကတော့ အစိုးရကျောင်းပေါ့အထက်တန်းကျောင်းပါ ဘာဆိုဘာမှ တိုက်ပွဲဖြစ်တာလည်းမရှိပါဘူး အဲ့လိုဘာမှမရှိလို့လည်း သေဆုံးတာမရှိတာ”လို့ပြောပါတယ်။

လေကြောင်း ပစ်ခတ်မှုကြောင့် ပေါက်ကန်ရွာက နေအိမ်တစ်လုံးနဲ့ အိမ်မွေးတိရစ္ဆာန် သေဆုံးမှုတွေရှိခဲ့ပြီး ကျေးရွာဆေးခန်းနဲ့ စာသင်ကျောင်းကိုအဓိကပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ထိခိုက်ဒဏ်ရာရခဲ့သူတွေကတော့ ပေါက်ကန်ရွာက အသက်၂၅နှစ်အရွယ် ကိုဆန်းမော်ဦး၊အသက်၃၀နှစ် အရွယ် မအိအိဝင်း၊ အသက် ၄၀ အရွယ် ကိုဆန်းမင်းနဲ့ အသက် ၅၅ နှစ်အရွယ်
ကိုမောင်စိုးတို့ ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၁ရက်နေ့ကလည်း ဝက်လက်မြို့နယ်ပေါက်ကန်ရွာနဲ့၅မိုင်အကွာစစ်ကိုင်းမြို့နယ်ထဲက တလိုင်းရွာကိုလည်း စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားတာမရှိဘဲလေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံ ၄ ဦးသေဆုံးခဲ့ရပြီး
တိုက်ပွဲတွေလည်း ဖြစ်ခဲ့ပါသေးတယ်။

အခုလို စစ်ကောင်စီတပ်က စစ်ကိုင်းနဲ့ဝက်လက်နယ်အစပ်ကရွာတွေကို လေကြောင်းကနေတိုက်ခိုက်နေတဲ့ အပေါ် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက “ အဓိက ကတော့ စစ်ကိုင်းနဲ့ဝက်လက်အစပ်မှာ မန္တလေးဘက်ကကာကွယ်ရေးတပ်တွေအစုံရှိတယ် သူတို့က စစ်ကိုင်းရော မန္တလေးမှာရော စစ်ကိုင်းမှာပါ စစ်ရေးလှုပ်ရှားတယ် အဲ့တာကြောင့်လည်းစစ်တပ်က အတင်း ဝင်ရှင်းနေတယ်လို့ ထင်တယ် ပြီးတော့ စစ်သတင်းလုံခြုံရေးကလည်း အားနည်းတာပေါ့” လို့သုံးသပ်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ၁၁ရက်နေ့ လေကြောင်းတိုက်ခိုက်ခံရမှုမှာတော့ တလိုင်းရွာက၈လသားအရွယ်ကလေး အပါအဝင်၊သံဃာတော်တစ်ပါးနဲ့ အမျိုးသမီး၂ဦးသေဆုံးခဲ့ရတာဖြစ်ပါတယ်။

အာဏာသိမ်းပြီးတဲ့နောက်ပိုင်းကစပြီး ပြီးခဲ့တဲ့ ၂၀၂၃ ဧပြီလအထိ စစ်ကိုင်းတိုင်းနဲ့မကွေးတိုင်းကကျေးရွာ တွေကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၃၆၁ကြိမ်အထိပြုလုပ်ခဲ့ပြီး
ပြီးခဲ့တဲ့ဧပြီလ ၁၁ရက်နေ့ က ကန့်ဘလူမြို့နယ် ပဇီကြီးရွာလေကြောင်းတိုက်ခိုက်ခံရမှုဟာ ကလေးငယ် ၄၀ ကျော်အပါအဝင် သေဆုံးမှု ၂၀၀ကျော်အထိရှိခဲ့တယ်လို့ ဥာဏ်လင်းသစ်သုတေသနအဖွဲ့က ထုန်ပြန်ထားပါတယ်။

အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်ကိုင်းတိုင်းထဲမှာ ဒေသခံရှစ်သိန်းနီးပါး ဘေးလွှတ်ရာမှာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး
(UNOCHA) က ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက် နောက်ဆုံးထုတ်ပြန်ထားပါတယ်။

Show More

Related Articles

Back to top button