သတင်း

ကန့်ဘလူမှာ မိသားစုဝင် ၅ ဦး နေအိမ်မှာသတ်ဖြတ်ခံရ

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် အမှတ် ၂ ရပ်ကွက် အင်ကြင်းဥယျာဥ်နားမှာနေထိုင်တဲ့ မိသားစုဝင် ၅ ယောက် နေအိမ်မှာပဲသတ်ဖြတ်ခံလိုက်ရတယ်လို့ ကန့်ဘလူမြို့ခံတွေဆီကသိရပါတယ်။

မနေ့က ဩဂုတ်လ ၁၃ ရက်နေ့ မနက်ပိုင်းမှာပဲဓားထိုးဒဏ်ရာတွေနဲ့သေဆုံးနေတဲ့ ရုပ်အလာင်း ၅ လောင်းကို မိသားစုနဲ့နီးစပ်သူတွေကတွေ့ရှိခဲ့တာလို့ ကန့်ဘလူမြို့ခံတစ်ဦးက အတည်ပြုပါတယ်။

ကန့်ဘလူမြို့ပေါ်မှာဖြစ်တာအမှတ် ၂ရပ်ကွက်မှာလို့ သိရတယ်။ နေအိမ် မှာပဲရုပ်အလောင်းတွေကို သွားတွေ့တာလို့ပြောတယ်။ အခြေနေအသေးစိတ်ကိုတော့မသိပါဘူး ဖြစ်စဥ်ကတော့ အတည်ပြုပါတယ် လို့ပြောပါတယ်။

သတ်ဖြတ်ခံရသူတွေဟာ ဦးမြင့်ဆွေနဲ့ဇနီးဒေါ်ကြည်ဌေး၊ သားဖြစ်သူ ကိုစိုးမြင့်လွင်ဦး နဲ့ ဇနီးမဖြိုးသီရိလှိုင်၊ တူမဖြစ်သူ မမေလေး တို့ဖြစ်ပြီး မမေလေးရဲ့ ၂နှစ်အရွယ်သမီးငယ်ကတော့အသက်ရှင်ကျန်ရစ်ခဲ့တယ်လို့ ကန့်ဘလူဒေသတွင်းသတင်းမီဒီယာ Infinity Group မှာဖော်ပြထားပါတယ်။

သတ်ဖြတ်ခံရသူတွေထဲ မဖြိုးသီရိလှိုင်ဆိုသူကတော့ Non CDM သားဖွားဆရာမတစ်ဦးဖြစ်ပြီး ကာကွယ် ရေးတပ်ဘက်က CDM လုပ်ဖို့ စာထုတ်သတိပေးခံထားရတဲ့အတွက် ဘူးကုန်းရွာကနေကန့်ဘလူမြို့ပေါ် ကိုပြောင်းရွေ့နေထိုင်နေကြတာဖြစ်တယ်လို့ အဲဒီဒေသတွင်းမီဒီယာမှာဖော်ပြထားပါတယ်။

အခုလို မိသားစုလိုက်သတ်ဖြတ်ခံရတာနဲ့ပတ်သက်လို့ စစ်ကောင်စီတပ်ရဲ့ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေမှာတော့ ကာကွယ်ရေးတပ်ဘက်က လုပ်ဆောင်ခဲ့တာလို့ စွပ်စွဲထားတာတွေ့ရပါတယ်။

ဒီအခြေနေနဲ့ပတ်သက်လို့ Kanbalu Underground Warriors အဖွဲ့က တာဝန်ရှိသူတစ်ဦးပြောတာက” ကာကွယ်ရေးတပ်ဘက်ကတော့မဟုတ်ပါဘူး သေချာတာကတော့ စစ်ကောင်စီဘက်ကပေါ့ ပျူတွေဖြစ်နိုင်တယ် ကာကွယ်ရေးတပ်ဘက်ကလုံးဝမဖြစ်နိုင်ဘူး ဒီဖြစ်စဥ်ဖြစ်ခဲ့တဲ့ မြို့ပေါ် မှာက အမှတ် ၂ ကိုလည်း ကာကွယ်ရေးတပ်တွေ တက်လို့မရဘူး မြို့ပေါ်မှာ အမြောက်တပ် ၆၀၀၆ တပ်ရှိတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် ဇန်နဝါရီလကလည်း ကန့်ဘလူမြို့နယ် ငါးမြောင်ရွာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ NLD ပါတီဝင် မိသားစုဝင်၈ဦး သတ်ဖြတ်ခံခဲ့ရပါသေးတယ်။

အာဏာသိမ်းပြီးတဲ့နောက်ပိုင်း မြန်မာနိုင်ငံတဝှမ်း အာဏာသိမ်းမှုကိုဆန့်ကျင်ခဲ့ကြတဲ့ ဒီမိုကရေစီလှုပ်ရှား သူတွေနဲ့ ပြည်သူ ကျဆုံးမှု ၃၉၀၀ကျော်ရှိပြီလို့ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေး အသင်း AAPP က ပြီးခဲ့တဲ့ ဩဂုတ်လ၁၀ရက်နေ့က နောက်ဆုံးထုတ်ပြန်ထားပါတယ်။

Show More

Related Articles

Back to top button