သတင်း

ကဇူးရွာက စစ်ရှောင်တွေအတွက် ဆန်အိတ်သယ်လာတဲ့ အမျိုးသားဖမ်းဆီးခံလိုက်ရပြီး ပြန်လည်လွတ်လာခြင်းမရှိသေး

ဝိုင်းမော်မြို့နယ် ကဇူးကျေးရွာက နေရပ်ပြန်စစ်ရှောင်တွေအတွက် ဆန်အိတ်သွားသယ်ရင်း စစ်တပ်ဖမ်းဆီးလိုက်တဲ့ ကဇူးရွာက စစ်ရှောင်အမျိုးသား ဒီကနေ့ထိ ပြန်လွတ်လာတာမရှိသေးဘူးလို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဖမ်းဆီးခံရတဲ့အမျိုးသားဟာ နေရပ်ပြန်စစ်ရှောင်များ စားဝတ်နေရေးအခက်အခဲဖြစ်နေတဲ့အတွက် အလှူရှင်တွေက လှူဒါန်းထားတဲ့ ဆန်အိတ် ၃၀ ကို ဝိုင်းမော်မြို့ကနေ ကဇူးရွာဘက်ကို သုံးဘီးနဲ့ သယ်ယူလာချိန် ဩဂုတ်လ ၁၁ ရက်နေ့ ညနေပိုင်းမှာ ခလရ ၃၂၁ ရွှေညောင်ပင်စစ်တပ်မှ ဖမ်းဆီးလိုက်ခြင်းဖြစ်တယ်လို့ ကဇူးဒေသခံတစ်ဦး KNG ကချင်သတင်းဌာနကို ခုလို ပြောပါတယ်။

ဒို့နေရပ်ပြန်စစ်ရှောင်တွေ လုပ်ကိုင်စားသောက်လည်းခက်ပြီး စားဝတ်နေရေးအခက်တွေ့နေတာကြောင့် အပြင်က အလှူရှင်တွေ လှူဒါန်းလိုက်တဲ့ ဆန်အိတ်တွေဖြစ်တယ်။ အဲ့ဒါကို ၃၂၁ စစ်တပ်တွေဖမ်းလိုက်ပြီး တပ်ရင်း ၅၈ က လာယူသွားတာ။ ဆန်အိတ်တွေရော၊ သုံးဘီးနဲ့ လူကိုလည်းတစ်ခါထဲဖမ်းထားလိုက်တယ်။ ဖြစ်ဖြစ်ချင်း လိုက်တယ် ဒါပေမဲ့မလွတ်ပေးဘူး။ ခုထိ ကြိုးစားလိုက်နေတုန်းပဲ။” ဟုနေရပ်ပြန် ကစူးဒေသခံတစ်ဦးက ပြောပါတယ်။

ဖမ်းဆီးခံရသူမှာ ကဇူးကျေးရွာက နေရပ်ပြန်စစ်ရှောင်အမျိုးသားဖြစ်ပြီး ဖမ်းဆီးခံလိုက်ရတဲ့ အဲ့ဒီညနေပိုင်းမှာပဲ ကျေးရွာမှ သက်ဆိုင်ရာ လူကြီးတွေ သွားရောက်လိုက်လံဆွေးနွေးဖြေရှင်းခဲ့ပေမဲ့ ပြေလည်မှုမရရှိခဲ့တဲ့အပြင် လက်ရှိချိန်ထိ အဲဒီအမျိုးသားကို ဝိုင်းမော်ရဲစခန်း ထိန်းသိမ်းထားဆဲဖြစ်ကြောင်းသိရပါတယ်။

ဒါ့အပြင် နေရပ်ပြန် ကစူးစစ်ရှောင်ပြည်သူတွေအနေနဲ့ ဖမ်းဆီးခံရတဲ့ အမျိုးသားနဲ့အတူ ဆန်အိတ်များ ပြန်လည်ရရှိနိုင်ဖို့ ကြိုးစားပေမဲ့ စစ်တပ်ကတော့ မြစ်ကြီးနားဗန်းမော်လမ်း စစ်ရေးအခြေအနေတင်းမာနေချိန် ဆန်သယ်ယူခွင့်မပေးဘူး ဆိုတဲ့ အကြောင်းပြချက်နဲ့ ဆက်လက်ဖမ်းဆီးထားဆဲဖြစ်တယ်လို့ သူကအခုလို ဆက်ပြောပါတယ်။

ဒီဘက်မှာ တိုက်ပွဲတွေဖြစ်နေတော့ KIA တွေကိုသယ်ယူပေးတယ် ထင်နေတာလားမသိဘူးသူတို့က။ သူတို့က အခုချိန် တိုက်ပွဲအချိန်ဖြစ်တာကြောင့် ဆန်သယ်လို့မရဘူးဆိုတဲ့ ပုံစံမျိုးနဲ့ဆိုနေတာ။ သူတို့(စစ်တပ်)ဘက်က ဆန်သယ်ယူခွင့်မရကြောင်း ဘာမှ ထုတ်ပြန်စာတွေလည်း မထုတ်ထားဘူး။” ဟု သူကဆက်လက်ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ကဇူးကျေးရွာက သက်ဆိုင်ရာဒေသခံတွေ လိုက်လံကြိုးစားနေဆဲဖြစ်တာကြောင့် ဒီနေ့ထိတော့ အဖြေမသိရှိရသေးဘူးလို့ ပြောပါတယ်။

ဆန်တွေ သုံးဘီးတွေ လူတွေ အားလုံးကို ပြန်ပေးစေချင်တယ်၊ ပြန်လွတ်စေချင်တယ်။ ဒါပေမဲ့ သူတို့ရဲ့အခြေအနေကို ကြည့်ရတာ ဆန်အိတ်တွေ ပြန်ပေးမဲ့ ပုံမပေါ်ဘူး။ လူကိုတောင် လွတ်နိုင်ဖို့အနိုင်အနိုင်ကြိုးစားနေဆဲပဲ။ အခုသူတို့က တရားစွဲဖို့တောင်ပြင်ဆင်နေတာ။” ဟု ၎င်းကစူးဒေသခံက ပြောပါတယ်။

စစ်ကောင်စီက လက်ရှိချိန်ထိ မြစ်ကြီးနားဗန်းမော်လမ်းမပေါ် နမ်ဆန်ယန်သို့ စစ်အင်အားပုံမှန် ပို့ဆောင်ပြီး ပုံမှန်လှုပ်ရှားသွားလာနေကာ ဒဘတ်ယန်ကျေးရွာတဝိုက် ပုံမှန်ပစ်ခတ်ခံနေရသဖြင့် တိုက်ပွဲမကြာခဏ ဖြစ်ပွားလျက်ရှိကြောင်း သိရပါတယ်။

အဲ့ဒါအပြင် စစ်ကောင်စီစစ်ကြောင်းများက ဂါးရာယန်ကဇူးဒဘတ် စတဲ့ကျေးရွာတဝိုက် လမ်းသွားလမ်းလာ ပြည်သူများအား ပုံမှန်စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်တာကြောင့် နေရပ်ပြန်စစ်ရှောင်ပြည်သူများအတွက်လည်း သွားလာလှုပ်ရှားရေးမှာ လုံခြုံရေးစိုးရိမ်ရသည့်အခြေအနေဖြစ်နေသည်ဟု နေရပ်ပြန်စစ်ရှောင်များပြောပါတယ်။

Show More

Related Articles

Back to top button