သတင်း

မြေပြိုကျမှုမှာ ပါသွားတဲ့ ရေမဆေးသမားများရဲ့ ရုပ်အလောင်းရှာမတွေ့သေးသည့်အပြင် ကယ်ဆယ်ရေးသမားများ ရှာဖွေရေးအခက်အခဲကြုံတွေ့နေရ

ဖားကန့် မနမှော်မှာရှိတဲ့ ကျောက်စိမ်းတောင်လုပ်ကွက်ဟောင်း မြေစာပုံဟောင်းပြိုကျမှုမှာ ရေမဆေးသမား ၃၇ ဦးပျောက်ဆုံးနေတဲ့အတွက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်တိုက်လုပ်ဆောင်နေပေမယ့် မြေစာပုံအောက်ခြေမှာ ရေစိမ့်ထွက်နေတာကြောင့် ခက်ခဲဖြစ်နေတယ်လို့ မြန်မာနိုင်ငံကလူမှုကယ်ဆယ်ရေးအဖွဲ့( ဖားကန့်) အဖွဲ့ဆီကနေ သိရပါတယ်။

ဖြစ်စဉ်ကတော့ မနေ့ကဖြစ်တာပေါ့နော် သတင်းရတာနဲ့ကျနော်တို့ ရှာဖွေကယ်ဆယ်ရေးလုပ်တယ် ဒီနေ့အထိပေါ့ ဒါပေမယ့် လက်ရှိရှာဖွေကယ်ဆယ်ရေးလုပ်နေချိန်မှာပျောက်ဆုံးနေတဲ့စာရင်းအရ အလောင်းတစ်လောင်းမှ မတွေ့ရသေးဘူး။ မတွေ့ရတဲ့အခက်ခဲကတော့ မြေစာပုံအောက်ခြေမှာ ရေစိမ့်ပေါက်ထွက်နေရာကနေ ဒီနေ့မနက်ကတည်းက မြေစာက နည်းနည်းချင်းပြိုကျနေတော့ ရှာဖွေကယ်ဆယ်ရေးလုပ်တဲ့နေရာမှာ ခက်ခဲနေတယ်” လို့ပြောပါတယ်။

အမြင့်ပေ ၅၀၀ ခန့်ရှိ မြေစာပုံဟာ မနေ့က ညနေ ၃ နာရီလောက်မှာပြိုကျခဲ့တာဖြစ်ပြီးတော့ အောက်‌ခြေမှာရှိတဲ့ ရေကန်အတွင်းကျရောက်ရာကနေ ရေလှိုင်းများဖြစ်ပေါ်ခဲ့ပြီး အနီးဝန်းကျင်တွေမှာရေမဆေးကျောက်ရှာဖွေ တူးဖော်နေသူတွေ ရေလှိုင်းနဲ့အတူမျောပါသွားတာကြောင့် ရေမဆေးသမားအများအပြား ပျောက်ဆုံးနေတာလည်းဖြစ်ပါတယ်။

လက်ရှိ မနမှော်မြေပြိုကျမှုမှာ ရှာဖွေကယ်ဆယ်ရေးကို ဖားကန့်မြို့နယ်အတွင်းမှာရှိတဲ့ လူမှုကူညီရေး အသင်းအဖွဲ့ ၁၂ ဖွဲ့မှ အဖွဲ့ဝင် ၁၂၀ ဦးခန့်ဖြင့် ရှာဖွေကယ်ဆယ်ရေးတွေ လုပ်ဆောင်နေတယ်လို့ သိရပြီး လူမှုကူညီရေးအသင်းကနေစုစည်းထားတဲ့ စာရင်းအရ ပျောက်ဆုံးနေတဲ့ ရေမဆေးသမား ၃၇ ဦးရှိပြီး ဒဏ်ရာရရှိထားသူတွေကတော့ ၈ ဦးရှိတယ်လို့ ဆိုပါတယ်။

ပျောက်ဆုံးစာရင်းရရှိထားတာက ၃၇ ဦးပါ၊ဒါဏ်ရာရရှိသူ ၈ ဦး(မစိုးရိမ်ရ)ကိုတော့ ဖားကန့်ဆေးရုံမှာ ပို့ဆောင်ထားပါတယ်ဟု မြန်မာနိုင်ငံလူမှုကယ်ရေးအဖွဲ့ (Rescue)အဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မနမှော်မှာ ပွင့်လင်းရာသီ ကျောက်စိမ်း‌တူးဖော်တဲ့ကုမ္မဏီတွေဟာ နေမင်းကမ္ဘာ၊အောင်ဟိန်းမင်း၊‌ ကျောက်စိမ်းသစ်ရွက် အစရှိတဲ့ ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီတွေဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

ကမ္ဘာ့အကောင်းဆုံးကျောက်စိမ်းထွက်ရှိတဲ့ ဖားကန့်နယ်မြေမှာ နှစ်တိုင်းဆိုသလို မိုးရာသီချိန်မှာ မြေစာပုံဟောင်းပြိုကျမှုကြောင့် လူရာချီသေဆုံးခဲ့ရတဲ့ဖြစ်စဉ်တွေလည်း အများအပြားရှိခဲ့ပြီး အလားတူ ဒီလ လဆန်းပိုင်းမှာလည်း ဖားကန့်မြို့ မှော်စီစာကျေးရွာ အပိုင်အတွင်းရှိ အောင်သာယာ မှော်ကွက်ရပ်မှာ မြေပြိုကျရာမှ အမျိုးသမီးတစ်ဦး ရေနစ်မြုပ်သေဆုံးမှု ဖြစ်ခဲ့ပါတယ်။

Show More

Related Articles

Back to top button