သတင်း

ယင်းမာပင်မှာ လက်နက်ကြီးထိလို့ ကလေးငယ်တစ်ယောက်သေဆုံး

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက်၉နှစ်အရွယ် ကလေးငယ် ၁ ဦးသေဆုံးခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

မနေ့က ဩဂုတ်လ ၁၅ ရက်နေ့ နေ့လည် ၂နာရီလောက်မှာ ပုသိမ်မုံရွာလမ်းမပေါ် ရောက်နေတဲ့ စစ်ကောင်စီ တပ်တွေဟာ လက်နက်ကြီးတွေနဲ့ ရွာတွေဘက်ကို ရမ်းသမ်းပစ်ခတ်ခဲ့တာဖြစ်ပြီးတော့ပေကုန်းရွာက ကလေးငယ် လက်နက်ကြီးထိမှန်သေဆုံးခဲ့ရတာလို့ ဒေသခံတစ်ဦးကပြောပါတယ်။

ပုသိမ်မုံရွာလမ်းမပေါ်မှာ ကြေးနီသယ်တဲ့ စစ်ကောင်စီအဖွဲ့တွေ တောက်လျှောက်ကင်းပုန်းချထားတာ အဲ့ဒီကနေပဲ လက်နက်ကြီး တွေ ရမ်းသမ်းပစ်တာကနေပေကုန်းရွာက ကလေးငယ်လေး သေဆုံးခဲ့ရတာပါလို့ပြောပါတယ်။

အဲ့ဒီလက်နက်ကြီးကြောင့် သေဆုံးခဲ့ရတဲ့ကလေးငယ်ဟာ ပေကုန်းရွာက ၉ နှစ်အရွယ် မောင်ကျော်သီဟ ဆိုသူဖြစ်တယ်လို့ သိရပြီး နောက်ထပ် အမျိုးသမီး ၃ ဦးနဲ့ အမျိုးသား ၂ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ သေးတယ်လို့ ဒေသခံ တွေကပြောပါတယ်။

ဒါ့အပြင် ယင်းမာပင် အောင်ဇေယျကုန်းမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ဩဂုတ်လ ၁၅ ရက်နေ့ နေ့လည်၁၂နာရီလောက်မှာလည်း လက်နက်ကြီးတွေနဲ့ဆက်တိုက်ပစ်ခတ်ခဲ့တဲ့အတွက်

နဘူးတောရွာက အသက်၆၀အရွယ် အမျိုးသမီးတစ်ယောက် ဒဏ်ရာရခဲ့တယ်လို့ ယင်းမာပင်မြို့နယ်သတင်းမှန်ပြန်ကြားရေး အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ဝမ်ပေါင် ကြေးနီစီမံကိန်းထဲက စစ်ကောင်စီတပ်တွေဟာ ဆားလင်းကြီးနဲ့ယင်းမာပင်အစပ်က ရွာတွေကို ပြီးခဲ့တဲ့ ဩဂုတ်လ ၁၄ ရက်နေ့ ကတည်းက စစ်ကြောင်းပတ်ထိုးနေတဲ့အတွက် ကျေးရွာ ၈

ရွာက ဒေသခံ တွေ ထောင်နဲ့ချီဘေးလွှတ်ရာကို တိမ်းရှောင်နေရသလို စားနပ်ရိက္ခာနဲ့ဆေးဝါးအကူညီတွေလိုအပ်နေတယ် လို့ စစ်ဘေးရှောင်ကူညီနေသူတွေကဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ဧပြီလကလည်း ရဲတပ်ရင်း ၂၈ က ပေကုန်းရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပြီး အဲ့ဒီ ပစ်ခတ်မှုမှာလည်း အသက်၁၃နှစ်အရွယ် မိန်းကလေးတစ်ယောက်သေဆုံးခဲ့ရဖူးတယ်လို့ဒေသခံတွေ ကပြောပါတယ်။

အာဏာသိမ်းပြီးတဲ့နောက်ပိုင်း မြန်မာနိုင်ငံတဝှမ်း အာဏာသိမ်းမှုကိုဆန့်ကျင်ခဲ့ကြတဲ့ ဒီမိုကရေစီလှုပ်ရှား သူတွေနဲ့ ပြည်သူ ကျဆုံးမှု ၃၉၀၀ကျော်ရှိပြီလို့ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေး အသင်း AAPP က ပြီးခဲ့တဲ့ ဩဂုတ်လ၁၀ရက်နေ့က နောက်ဆုံးထုတ်ပြန်ထားပါတယ်။

Show More

Related Articles

Back to top button