သတင်း

မနမှော်မြေပြိုကျမှုမှ ပျောက်ဆုံးနေတဲ့ ရေမဆေးကျောက်ရှာဖွေသူရုပ်အလောင်း ရှစ်လောင်း ထပ်မံတွေ့ရှိ

ဖားကန့်ကျောက်စိမ်းမှော်ဒေသ မနမှော်မြေပြိုကျမှုတွင် ရေထဲမျောပါပျောက်ဆုံးနေသူများထဲမှ ရုပ်အလောင်း ရှစ်လောင်းထပ်မံရှာဖွေရရှိတယ်လို့ကယ်ဆယ်ရေးလုပ်ဆောင်နေသူတွေထံမှ သိရပါတယ်။

မြေပြိုကျပြီး ပျောက်ဆုံးနေသူ ၄၂ ဦးစာရင်းအနက် သြဂုတ်လ ၁၅ ရက်နေ့တွင် ၂၅ ဦး၊ဒီနေ့ သြဂုတ်လ ၁၆ ရက်နေ့တွင် ၈ဦး၊စုစုပေါင်း ၃၃ ဦး၏ ရုပ်အလောင်းအား ရှာဖွေတွေ့ရှိခဲ့ပြီ ဖြစ်တယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ Rescue (ဖားကန့်)တာဝန်ရှိသူတစ်ဦးက အခုလို ပြောပြပါတယ်။

“ရုပ်အလောင်းတွေကိုတော့ ဖားကန့်မြို့စုပေါင်းသုသာန်မှာ မီးသဂြိုလ်စက်ကို ပို့ဆောင်သဂြိုလ်လိုက်နေတယ်”ဟု ကယ်ဆယ်ရေးလုပ်ဆောင်နေသူ တစ်ဦးက ပြောပါတယ်။

အဲဒီရုပ်အလောင်း ၃၁ လောင်းထဲက ပိုင်ရှင်မဲအလောင်း ၆ လောင်းပါဝင်ပြီး ကျန်တဲ့အလောင်းတွေတော့ ပိုင်ရှင်ရှာတွေ့ပြီလို့ သိရပါတယ်။

မနမှော်မြေပြိုကျမှုဖြစ်စဥ်နှင့်ပတ်သတ်ပြီး ကယ်ဆယ်ရှာဖွေရေး၊သေဆုံးသူများရဲ့ နာရေးကိစ္စရပ်များကို ဒေသတွင်း ရပ်မိရပ်ဖ၊လူမှုကူညီရေးအသင်းအဖွဲ့များမှ ဆောင်ရွက်နေကြပြီး စစ်ကောင်စီတပ် လက်အောက်ခံဌာနဆိုင်ရာနှင့် ကျောက်စိမ်းတူးဖော်လုပ်ကိုင်ခဲ့ကြသူတွေ လာရောက်တွေ့ဆုံ လုပ်ကိုင်ခဲ့တာမရှိဘူးလို့ မြေပြင်သတင်းရင်းမြစ်တွေကဆိုပါတယ်။

“ခါတိုင်းဆိုရင် သက်ဆိုင်ရာဌာနဆိုင်ရာကလူတွေလာတယ် လာကြည့်တယ် လာကူညီတာတွေရှိတယ် ဒီနှစ်ကတော့ ပေါ်ကိုမလာဘူး အဲမှာရှိတဲ့ပြည်သူတွေနဲ့ပရဟိတအဖွဲ့တွေဘဲ ကြီးကြပ်လုပ်နေကြတယ်” လို့ မနမှော်မှာနေထိုင်တဲ့ အမျိုးသားတစ်ဦးကပြောပါတယ်။

ဖားကန့်မှာ နှစ်တိုင်း မိုးရာသီရောက်ချိန် ကျောက်စိမ်းတူးဖော်ကုမ္မဏီးတွေရဲ့ စွန့်ပစ်မြေစာပုံပြိုကျမှုကြောင့် ရေမဆေးသမားထိခိုက်သေဆုံးသူ နှစ်စဉ်ရှိနေပြီး ၂၀၂၀ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့မှာ ဂွေခါမှော်မှာဖြစ်ပွားခဲ့တဲ့မြေစာပုံပြိုကျမှုဟာ အကြီးမားဆုံးဖြစ်ပြီး ရေမဆေးသမား ၂၀၀ လောက်သေဆုံးခဲ့တဲ့ဖြစ်စဉ်တွေရှိခဲ့ပါတယ်။

ဒါဟာ ခေတ်အဆက်ဆက် အစိုးရလက်ထက်တာဝန်ရှိသူနဲ့ ကချင်လက်နက်ကိုင်အဖွဲ့တွေအပါအဝင် လုပ်ငန်းရှင်ကြီးတွေက တာဝန်ယူမှု၊တာဝန်ခံမှုမရှိဘဲ စည်းမဲ့ကမ်းမဲ့ကျောက်စိမ်းတူးဖော်မှုရဲ့နောက်ဆက်တွဲ ပြသာနာတွေဖြစ်ပြီး ဒါကိုသက်ဆိုင်သူတွေအနေနဲ့ အနာဂတ်မျိုးဆက်သစ်တွေအတွက် အကျိုးရှိရှိရင်းနှီးမြုပ်နှံမှုမှာ အသုံးပြုပြီး နောက်ထပ်ဒီလိုအဖြစ်ဆိုး ထပ်မဖြစ်အောင် စီမံခန့်ခွဲစနစ်တကျလုပ်ဆောင်ကြဖို့ကိုလည်း ကချင်အရပ်ဘက်အဖွဲ့စည်း ၁၆ ဖွဲ့က တိုက်တွန်းထားပါတယ်။

Show More

Related Articles

Back to top button