လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

ဗန်းမော်မှာ စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာဝန်ထမ်းကလွှဲပြီး အရပ်သားပြည်သူသွားလာခွင့်ပိတ်ပင်ခံထားရ

ကချင်ပြည်နယ် ဗန်းမော်မြို့မှာ စစ်တပ်က မြို့တွင်းမြို့ပြင်လုံခြုံရေးတင်းကြပ်ထားတဲ့အပြင် မြို့တွင်း ရပ်ကွက်သွားလမ်းတွေမကျန် စစ်တပ်လက်အောက်ခံဌာနဆိုင်ရာဝန်ထမ်းတွေကလွှဲပြီး အရပ်သားပြည်သူတွေ သွားလာခွင့် ပိတ်ပင်ခံထားရတယ်လို့ ‌ဒေသခံတွေ ပြောပါတယ်။

ဒီလိုလုပ်ဆောင်လာတာဟာ စစ်လက်နက်ရိက္ခာတင် သင်္ဘော ၉ စီး ဆိုက်ကပ်လာတဲ့ ဩဂုတ်လ ၁၉ ရက်နေ့ကတည်းက ဖြစ်တယ်လို့ ဗန်းမော်ဒေသခံတစ်ဦးက အခုလို ပြောပါတယ်။

လောလောဆယ် ဗန်းမော်မြို့ပြင်ကလူတွေက မြို့ထဲဝင်လို့မရဘူး၊ မြို့ထဲကလည်း ထွက်လို့မရဘူး။ အစိုးရဝန်ထမ်းတွေလောက်ပဲ သွားလာလို့ရတယ်။ ခဏတဖြုတ် စျေးသွားဘာသွားတောင် လုပ်လို့မရဘူး။ လုံခြုံရေးတွေ တင်းကြပ်ထားတယ်။ သွားလာမိလို့   မသင်္ကာရင်လည်း ဖမ်းတာတွေရှိတယ်။ ကိုဗစ်တုန်းကလိုမျိုး မြို့တွင်း အရမ်းခြောက်ကပ်နေတယ်။ လူတွေလှုပ်ရှားတာတောင် မတွေ့တော့ဘူးဟု ဗန်းမော်ဒေသခံတစ်ဦးကပြောပါတယ်။

ခုလို မြို့တွင်း၊ မြို့ပြင် အဝင်အထွက် လုံခြုံရေးယူပေးတဲ့တပ်သားများအပြည့်နဲ့တင်းကြပ်လိုက်တာဟာ ဒီနေ့ထိဆို ၃ ရက်ရှိလာတဲ့အပြင် စစ်တပ်အနေနဲ့ ခုလိုသွားလာခွင့်ပိတ်ပင်နေတဲ့ အခြေနေနဲ့ပတ်သက်လို့ ဒေသခံတွေပြောတာကတော့ စစ်င်္ဘောထဲက ရိက္ခာတွေချနေတဲ့အတွက် ဖြစ်နိုင်တယ်လို့ ဗန်းမော်ဒေသခံတစ်ဦးကလည်း သုံးသပ်ပြောဆိုပါတယ်။

အခုသူတို့က သင်္ဘောကနေ ပစ္စည်းတွေချနေတဲ့အချိန်ဖြစ်တာကြောင့် မြို့တွင်းမှာ ရပ်ကွက်တိုင်း လုံခြုံရေးချလိုက်ပြီး ပြည်သူတွေကိုတော့ ရပ်ကွက်တစ်ခုပြီးတစ်ခု သွားလာလှုပ်ရှားလို့မရအောင်လုပ်ထားတာပေါ့။ သွားလာရင်လည်း ဆိုင်ကယ်တွေ စစ်တယ်၊ ဖုန်းတွေစစ်တယ် ဟု နောက်ထပ် ဗန်းမော်ဒေသခံအမျိုးသားတစ်ဦးကလည်း ပြောပြပါတယ်။

ဒါ့အပြင် ဗန်းမော်မြို့ အောက်ချောင်းကျေးရွာဘက်ကိုလည်း စစ်တပ်က ဖုန်းလိုင်းတွေပိတ်လိုက်ပြီး သွားလာရေးအားလုံးပါ ပိတ်ပင်ထားတာကြောင့် လမ်းထက်ဝက် ခရီးမရောက်ပဲ သောင်တင်နေသူများ၊ ပိတ်မိနေသူများလည်း ရှိနေတယ်လို့ ဆက်လက်သိရပါတယ်။

စစ်တပ်ဟာ မြို့တွင်းမြို့ပြင်လုံခြုံရေးတင်းကြပ်နေချိန်မှာဘဲ ပြီးခဲ့တဲ့ ဩဂုတ် ၁၉ ရက်နေ့ကလည်း ဗန်းမော်မြို့ထဲ ဆိုင်ကယ်နဲ့ ဝင်လာတဲ့ အမျိုးသားတစ်ဦးအား စစ်ကောင်စီတပ်သားတွေက စစ်ဆေးဖို့ တားဆီးခဲ့ပေမယ့် ဆိုင်ကယ် ရပ်နားပေးတာမရှိဘဲ မောင်းထွက်သွားတဲ့အတွက် သေနတ်နဲ့ လိုက်လံပစ်ခတ်တာတွေရှိခဲ့တယ်လို့သိရပါတယ်။

လက်ရှိ ဗန်းမော်မြို့ဆိပ်ကမ်းမှာရောက်နေတဲ့ စစ်လက်နက်ရိက္ခာတင် သင်္ဘော ၉ စီးစာ ဇူလိုင် ၂၇ ရက်နေ့မှစပြီး မန္တလေးမြို့ဘက်ကနေ ကချင်ပြည်နယ် ဗန်းမော်ဆိပ်ကမ်းဘက်သို့ ဦးတည်ချီတက်လာတာဖြစ်ပြီး ဆန်တက်လာတဲ့မြစ်ကြောင်းတစ်လျှောက်မှာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် တစ်လနီးပါးကြာမှ ဗန်းမော်ဆိပ်ကမ်းရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

Show More

Related Articles

Back to top button