သတင်း

ဖမ်းဆီးထားတဲ့ဆိုင်ကယ်တွေ တစ်စီးကို ငွေကျပ် ၁ သိန်းနဲ့ရွေးခွင့်ပြုနေ

စစ်ကိုင်းကချင်အစပ်ဖြစ်တဲ့ ကသာမြို့ထဲမှာ စစ်တပ်က အခုရက်ပိုင်း ဖမ်းဆီးထားတဲ့ ဆိုင်ကယ်တွေကို တစ်စီးမှာ  ငွေကျပ် ၁ သိန်းနဲ့ ရွေးခွင့်ပြုနေတယ်လို့ ကသာဒေသခံတွေဆီကနေ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ဩဂုတ်လ ၁၇ ရက်နေ့  မြို့ပြင်ဂိတ်ပစ်ခတ်ခံရပြီးနောက် ကသာမြို့တွင်း နေရာလမ်းတောင့်တစ်ချို့မှာ  လမ်းသွားလမ်းလာ အရပ်သားပြည်သူတွေရဲ့ ကား၊ ဆိုင်ကယ်တွေကို လိုင်စင်အကြောင်းပြချက်နဲ့ ၃ ရက်ဆက်တိုက် ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

သူတို့ဆက်တိုက် ၃ ရက်လောက်ဖမ်းတာ မနေ့ကအထိ ဖမ်းမရဘူးဆိုရင် အနည်းဆုံးအစီး ၁၀၀ လောက်ရှိမယ်။ အခု ဆိုင်ကယ်တစ်စီးကို ငွေ ၁ သိန်းကျပ်နဲ့ စစ်တပ်ထဲထိ သွားရွေးယူရတယ်ပြောတယ်လို့ ကသာဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

လက်ရှိ စစ်ကောင်စီတပ်ဟာ ကသာမြို့ပြင်နဲ့ ကသာတောင်ပေါ်ဘုန်းကြီးကျောင်းခြေရင်လမ်းဆုံ၊ ကသာမြို့မြောက်ဘက် ရပ်ကွက် ၄ အနီး မြို့ဝင်လမ်း စတဲ့နေရာတွေအပါအဝင် မြို့တွင်းနေရာတစ်ချို့မှာဖမ်းဆီးခဲ့ပြီး ဖမ်းဆီးရတဲ့ဆိုင်ကယ်၊ ကားတွေကိုတော့ စစ်တပ်ထဲ ကားနဲ့သယ်ယူသွားတယ်လို့ ကသာဒေသခံအမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။

ကသာ ၃၀၉ စစ်တပ်ကုန်းကို ကားနဲ့သယ်သွားတယ် ခုဆိုင်ကယ်ဘဲရွေးလို့ရသေးတယ် ကားက ရွေးလို့ရ မရ မသိရသေးဘူး” လို့ ပြောပါတယ်။

ကသာမြို့နယ် စစ်ကိုင်းကချင်အစပ်မှာရှိတဲ့မြို့နယ်ဖြစ်ပြီးတော့ ဧရာဝတီမြစ်ကမ်းနံဘေးမှာရှိတဲ့ မြို့နယ်တစ်ခုဖြစ်ပြီး အာဏာသိမ်းပြီးနောက် ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ကာကွယ်ရေးတပ်တွေ အင်အားကောင်းတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။

ဒါကြောင့် မကြာခဏ အစိုးရရုံးတွေပစ်ခတ်ခံရတာရှိသလိုလွန်ခဲ့တဲ့ဩဂုတ်လ ၁၉ ရက်နေ့ကလည်း ကသာရဲမင်းကြီးနေတဲ့အိမ်နဲ့ ကသာရဲစခန်းပစ်ခတ်ခံရတာတွေလည်းရှိခဲ့ပါတယ်။

အဲဒီနောက် စစ်တပ်ကခုရက်ပိုင်း ကား၊ဆိုင်ကယ်တွေကို လိုင်စင်အကြောင်းပြဖမ်းဆီးတာတွေဟာ ကာကွယ်ရေးတပ်တွေကို ရှာဖွေချင်တာကြောင့်ဖြစ်တယ်လို့ ဒေသခံတွေက သုံးသပ်နေကြပါတယ်။

Show More

Related Articles

Back to top button