သတင်း

စစ်တပ်က လူသားဒိုင်းအဖြစ်ဖမ်းဆီးခံသွားရတဲ့ ဒွမ်ဘုံးရွာသား ၅ ဦးပြန်လွတ်လာ

ကချင်ပြည်နယ် နမ္မတီးဘက်ကနေ ဖားကန့်ဘက်ကို စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်တွေ လူသားအဖြစ် ဖမ်းဆီးသွားတဲ့ ဒွမ်ဘုံးကျေးရွာ (Dumbung)က ဒေသခံပြည်သူ ၅ ဦး မနေ့ ညနေပိုင်းမှာ ပြန်လွတ်လာပြီဖြစ်ကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။

အဲဒီဒွမ်ဘုံဒေသခံ ၅ ဦးဟာ ဩဂုတ်လ ၁၉ ရက်နေ့က နမ္မတီးဘက်ကနေ ဖားကန့်လမ်းဘက် စစ်အင်အား ၁၀၀ လောက်ရှိတဲ့ စစ်ကြောင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေဟာ ဒွမ်ဘုံးကျေးရွာအရောက်မှာတော့ လယ်ယာလုပ်ငန်းနဲ့ ခြံလုပ်ငန်းလုပ်ကိုင်နေတဲ့ ဒေသခံအမျိုးသား ၅ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားခဲ့တာဖြစ်ပါတယ်။

“စနေနေ့က ခေါ်သွားပြီး တနင်္ဂနွေညနေ မနေ့ကပေါ့ ကားမိုင်းဂိတ်မှာ ပြန်လာပို့တာ။ သူတို့က ပြည်သူပါရင်တော့ သူတို့စစ်ကြောင်းတွေ မပစ်ခံရဘူးပေါ့ အဲ့လိုနဲ့ လူသားဒိုင်းအနေနဲ့ခေါ်သွားတာဖြစ်နိုင်တယ်။ လယ်ယာလုပ်ငန်းဝင်နေသူတွေ လမ်းမှာတွေ့တဲ့ အမျိုးသားတွေကို ခေါ်သွားတာပေါ့” လို့ ဒွမ်ဘုံးကျေးရွာ ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိ အဲဒီစစ်ကြောင်းတွေဟာ ကားမိုင်းဂိတ်ထဲတစ်ချို့ဝင်ရောက်ပြီးကျန်ခဲ့တာတွေရှိသလို တချို့က အနီးပတ်ဝန်းကျင်နေရာယူထားပြီး စစ်အင်အားတချို့ကတော့ အထက်ဆိုင်းဖရာလမ်းဘက်သို့ ဆက်လက်ဦးတည်ချီတက်သွားတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီက ဖားကန့်လမ်းကို ထိန်းချူပ်နိုင်ဖို့ ကြိုးစားနေပြီး ပြီးခဲ့တဲ့ ဩဂုတ်လ ၁၇ ရက်နေ့မှာလည်း စစ်ကား ၃ စီးနဲ့ စစ်အင်အား ၁၅၀ ခန့်ပါဝင်တဲ့ စစ်ကြောင်း ဖားကန့်ဘက်သို့ဦးတည်သွားပြီး ဆိုင်းဖရာ၊ တံတားညီနောင်၊ ပျားအုံနဲ့ ခွန်စိုင်ဇွပ် စတဲ့ကျေးရွာတွေမှာ တပ်ချနေထိုင်ရန် ကြိုးပမ်းနေတာဖြစ်တာလည်းဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကြောင်းတွေ ချီတက်လာတိုင်း ဖားကန့်လမ်းမပေါ် ရှိတဲ့ကျေးရွာတစ်ချို့က အရပ်သားပြည်သူတွေဟာ လူသားဒိုင်းအနေနဲ့ဖမ်းဆီးခံရတာတွေရှိနေတဲ့အတွက် ကျေးရွာနေပြည်သူတွေဟာ စိုးရိမ်ကြောက်ရွံ့မှုတွေနဲ့သာ နေနေရတယ်လို့ ဒွမ်ဘုံး ရွာဒေသခံတွေက ပြောပါတယ်။

“ကျမတို့က တောင်ယာလုပ်တယ်၊ လယ်ယာလုပ်တယ်၊ တောထဲဝင်ပြီး အသက်မွေးဝမ်းကျောင်းအတွက် လုပ်ကိုင်စားသောက်ကြတယ်။ အဲ့လိုလှုပ်ရှားသွားနေတယ်ဆိုတော့ဘယ်အချိန်သူတို့စစ်ကြောင်းတွေ  ချီတက်လာမှာ ဘယ်သူမှမသိနိုင်ဘူး။ တက်လာတိုင်း လူသားဒိုင်းအဖြစ် ခေါ်ခေါ်သွားတာမျိုးက လုပ်တာဆိုတော့ စိုးရိမ်လျက်ပဲ နေနေတာပေါ့။ အမြဲအခြေအနေစောင့်ကြည့်ပြီး နေနေတယ်”လို့ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၈ ရက်နေ့ကလည်း ဖားကန့်လမ်း ဆိုင်ဖရာကျေးရွာတွင် စစ်ကောင်စီစစ်ကြောင်း အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီနင်းပြီး ဒေသခံကျေးရွာပြည်သူ ၅၀ ခန့်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတာကြောင့် အမျိုးသမီး ၆ ဦးထိခိုက်ဒဏ်ရာပြင်းထန်ပြီး ၁ ဦးသေဆုံးခဲ့ပါတယ်။

Show More

Related Articles

Back to top button