လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

ဟိုပင်မှာ ပြည်သူ ၂ ယောက် သတ်ဖြတ်ခံရတဲ့အမှု KIA က ငွေကြေးသိန်းသုံးရာပေးပြီး အပြီးသတ်

မိုးညှင်းမြို့နယ် ဟိုပင်မြို့ရဲ့အရှေ့ဘက်ခြမ်း ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၄၁ နယ်မြေမှာ သတ်ဖြတ်ခံ လိုက်ရတဲ့ KIA တပ်သားနဲ့ ဇနီးဖြစ်သူ အဓမ္မပြုကျင့်သတ်ဖြတ်ခံလိုက်တဲ့အမှုကို KIA ဘက်နေ ငွေကြေးပေးပြီး အပြီးသတ်ဆောင်ရွက်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။

KIA ဘက်ကနေ သတ်ဖြတ်ခံလိုက်ရတဲ့ မိသားစုဝင်တွေကို နစ်နာကြေးငွေ သိန်း ၃၀၀ ပေးဆောင်ပြီး ဩဂုတ်လဆန်းပိုင်းမှာပဲ အမှုကို အပြီးသတ်လုပ်ဆောင်ခဲ့တယ်လို့ အမှုမှန်သိရှိတဲ့ ဟိုပင်ဒေသခံတစ်ယောက်က KNG ကိုအခုလိုပြောပါတယ်။

“အမှုကိုက KIA ဘက်က အပြီးသတ်လိုက်ပြီ။ နစ်နာသွားတဲ့ မိသားစုဝင်တွေကိုတော့ ငွေ သိန်းသုံးရာ ပေးလိုက်တယ်။ ပြီးရင် KIA ဘက်လည်း ဒီမှုကို ပြီးပြတ်အောင် လုပ်ပေးခဲ့တယ် ဆိုတဲ့ စာလည်း ထုတ်လာတယ်။ မိသားစုဘက်လည်း ကျေအေးလိုက်ပြီဆိုတဲ့သဘောပါ”လို့ပြောပါတယ်။

အဲဒီအမှုကို KIA တပ်မဟာ ၈ လက်အောက်မှာပဲ အပြီးသတ်ဆောင်ရွက်လိုက်တာဖြစ်ပြီး နစ်နာကြေးငွေး သိန်းသုံးရာ ကို KIA နဲ့ သတ်ဖြတ်မှုကျူးလွန်ခဲ့တဲ့ ဦးကျော်ထွန်းဦးရဲ့ တရုတ်လုပ်ငန်းရှင်က ပေးဆောင်လိုက်တာလို့ သိရပါတယ်။

KIA ရဲ့ အမှုစီရင်ချက်မှာ လင်မယား ၂ ယောက်ကို သတ်ဖြတ်ခဲ့တဲ့ ပြစ်မှုကျူးလွန်သူ ဦးကျော်ထွန်းဟာ ဖမ်းဆီးရမိပြီး အမှုစစ်ဆေးနေချိန်အတွင်းမှာပဲ နှလုံးရောဂါဖောက်ပြီး သေဆုံးသွားတယ်လို့ပြောဆိုထားပါတယ်။

ဦးကျော်ထွန်းဦး သေဆုံးသွားပြီးနောက် သက်သေအနေနဲ့ သူ့နဲ့ ဆက်စပ်သူ ကားသမား ၃ ယောက်ကိုထပ်မံဖမ်းဆီးထား တဲ့ ၃ ယောက်ကိုလည်း သတ်ဖြတ်မှုဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်မှာ ပါဝင်ဆက်နွယ်မှုမရှိဘူးလို့ စီရင်ချက်ချမှတ်ပြီး ပြန်လည်လွတ်ပေးလိုက်တယ်လို့ သိရပါတယ်။

KIA တပ်သားနဲ့ ဇနီးဖြစ်သူ အဓမ္မပြုကျင့်သတ်ဖြတ်ခံရတဲ့အမှုနဲ့ ပတ်သက်ပြီး KIA က  ၂ လအတွင်းမှာပဲ အပြီးသတ်ဆောင်ရွက်လိုက်တဲ့အပေါ်မှာ အမှုမှန်ကို ပွင့်လင်းမြင်သာမှုမရှိပဲ အပြီးသတ်ခဲ့တာကြောင့် အားရကျေနပ်မှုမရှိဘူးလို့ ဟိုပင်ဒေသက ဆက်ပြောပါတယ်။

“အမှန်တိုင်းပြောရရင် KIA ရဲ့ တရားစီရင်မှုဟာ လုံဝအားရမှုတော့မရှိဘူး။ အရမ်းအားနည်းနေသေးတယ်လို့ မြင်တယ်။ ဘာလို့အဲ့လိုပြောလဲဆိုတော့ ပွင့်လင်းမြင်သာမှုလိုအပ်တယ်။ သူတို့ရဲ့ လုပ်ပုံက အမိန့်ပုံစံနဲ့ပဲ လုပ်လိုက်တာဖြစ်တယ်။ သူတို့ရဲ့ ပုံစံက လက်ခံရမယ်ဆိုတဲ့ သဘောဟုတ်တယ်။ ကျနော်အရပ်သားတွေကလည်း သူတို့ပြောရင် လက်မခံလို့မရတော့ဘူးလေ။ မိသားစုဝင်တွေကတော့ ဖြစ်သွားပြီဖြစ်တဲ့အတွက် လက်မခံချင်ရင်လည်း လက်ခံရမျာပဲ”လို့ပြောပါတယ်။

ဒီသတ်ဖြတ်မှုဟာ KIA ရဲ့ တပ်စခန်းနေရာထဲမှာ ဖြစ်ပွားခဲ့တဲ့အတွက် အခုလို KIA နယ်မြေထဲ စီစစ်မှုမရှိပဲ သတ်ဖြတ်မှုဖြစ်သွားအောင် ဝင်ရောက်သွားလာခွင့်ပေးထားတဲ့ တာဝန်ရှိတဲ့သူတွေကိုလည်း ထိရောက်အောင် ရေးယူဆောင်ရွက်တာတွေ လုပ်ဆောင်ပေးသင့်တယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။

တဖက်မှာ KIA အနေနဲ့ တပ်ရင်း ၄၁ နယ်မြေထဲမှာ နှစ်ရှည် တရုတ်လုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းပြီး သစ်ထုတ်လုပ်တာတွေ၊ ရွှေတူးဖော်တာတွေကို တရုတ်လုပ်ငန်းရှင်တွေနဲ့ လုပ်ဆောင်ရွက်တာတွေရှိနေတာကြောင့် အမှုကို ငွေကြေးနဲ့ အမြန်ဆုံးဖြေရှင်းပေးလိုက်တာဖြစ်နိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ပြောဆိုနေကြပါတယ်။

သတ်ဖြတ်ခံလိုက်ရတဲ့ လင်မယား ၂ ယောက်မှာ ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်နေ့ KIA တပ်ရင်း ၄၁ ရဲ့ ရှေ့တန်း ယာယီဆေးကုသတဲစခန်းမှာ သတ်ဖြတ်ခံလိုက်ရတာဖြစ်ပြီး KIA တပ်သားနဲ့ ဇနီးဖြစ်သူမှာ မှာ အသက် ၃၀ နှစ်ရွယ် ဦးမဒိန်ခေါယော်နဲ့ ခေါကော့ဖန်တွေ ဖြစ်ကြပါတယ်။

အလားတူ KIA တပ်ဖွဲ့ဟာ တနိုင်းသွားလီဒိုလမ်းမပေါ် လဝါးကျေးရွာအုပ်စု မကောင်းတောင်မှာ အရပ်သား ပြည်သူ ၉ ဦးသတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီးတော့ ၇ လလောက်ကြာမြင့်လာပေမယ့် လက်ရှိအချိန်အထိ ဖြေရှင်းမှုမရှိပဲ ကျန့်ကြာနေဆဲဖြစ်ပါတယ်။

Show More

Related Articles

Back to top button