သတင်း

မိုးကောင်းမှာ အသက် ၁၂ နှစ်အရွယ် ကလေးတစ်ယောက်အပါအဝင် ဒေသခံ ၅ ယောက်ထပ်ဖမ်းခံရ

ကချင်ပြည်နယ် မိုးကောင်းမြို့နယ်မှာ အသက် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ယောက် အပါအဝင် ဒေသခံ ၅ယောက်ကို စစ်ကောင်စီတပ်က ထပ်ပြီးဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ဖမ်းဆီးခံသွားရသူတွေဟာ မိုးကောင်းမြို့နယ် ကားဂိတ်အနီးကကချင်ရိုးရာစားသောက်ဆိုင်က ကလေးငယ်နဲ့ ဒေသခံ ၄ ယောက်အပါအဝင် ဆိုင်ကိုလာတဲ့ ဧည့်သည်တစ်ယောက်အပါအဝင် စုစုပေါင်း ၅ ယောက်ကို ဒီကနေ့ ဩဂုတ်လ ၂၅ ရက်နေ့ မနက်ပိုင်းမှာပဲ စစ်တပ်က ဖမ်းဆီးသွားတာလို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

ဒီမနက်ပဲ အချိန်တော့တိတိကျကျမသိဘူး ပြည်ထောင်စုလမ်းမကြီးဘေး ကားဂိတ်လေးပေါ့ အဲ့မှာ အသက် ၁၂နှစ် ကလေးတစ်ယောက်လည်းပါသွားတယ်မိသားစု ၄ ယောက်ပေါ့ အဲ့ဆိုင်မှာလာစားသောက်တဲ့ လူတစ် ယောက်ရောပေါ့လို့ ပြောပါတယ်။

ဖမ်းဆီးခံခဲ့ရတဲ့ ဒေသခံတွေထဲမှာ အမျိုးသမီးတွေလည်းပါဝင်တယ်လို့ သိရပြီး ကျား၊ မ အတိအကျကိုတော့မသိခဲ့ရဘူးလို့ သူကဆက်ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၉ ရက်နေ့က မိုးကောင်း အထက ၁ ကျောင်းကို ကျောင်းလာကြို စဥ် ပစ်ခတ်ခံခဲ့ရပြီးတဲ့နောက်ပိုင်း အခုလို ဖမ်းဆီးမှုတွေဆက်တိုက်ပြုလုပ်လာတာဖြစ်တယ်လို့ ဒေသခံတစ်ယောက်က သုံးသပ်ပါတယ်။

သူတို့ ကျောင်းကြိုတဲ့ကား ပစ်ခတ်ခံရမှုအပြီးမှာပဲ အခုလို ဖမ်းဆီးခံရတာတွေရှိလာတာ အဲ့တာနဲ့ပဲ ပတ်သက်တယ်လို့ပဲထင်တယ် အရင်ကလည်းဒါမျိုးမရှိဘဲ ကျနော်တို့ကချင်ပြည်နယ်မှာဆို ဒီလိုဓားစာခံ အဖြစ်ဖမ်းဆီးတယ်ဆိုတာ ဒါပထမဆုံးလို့ထင်တာပဲလို့ ပြောပါတယ်။

အဲ့ဒီလိုပစ်ခတ်ခံခဲ့ရတဲ့ ဩဂုတ်လ၁၉ရက်နေ့ ညကနေ ဩဂုတ်လ ၂၂ ရက်နေ့အထိကို ဒေသခံလူငယ်၈ယောက် ကိုဖမ်းဆီးခဲ့ပြီးတော့ အဲ့ဒီလူငယ်လေးယောက်လည်း ဒီနေ့ထိပြန်လွှတ်လာမရှိသေးတဲ့အပြင် ဒီနေ့မှာလည်း ဒေသခံ၅ယောက်ကို ထပ်မံဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ ညပိုင်းတွေမှာလည်း မိုးကောင်းမြို့တွင်း ရပ်ကွက်တွေထဲ ကင်းပတ်တာတွေရှိ သလို ကင်းပုန်းတွေချပြီး လုံခြုံရေးတွေတင်းကြပ်ထားတယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ဩဂုတ်လ ၁၉ရက်နေ့က မိုးကောင်း အထက ၁ ကျောင်းကို လာကြိုတဲ့ စစ်ကားကို မိုးကောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်သား နှစ်ယောက် သေဆုံးပြီးတော့ သေနတ်တစ်လက်ပါ ဆုံးရှုံးခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။

လက်ရှိ မိုးကောင်းမြို့ထဲမှာတော့ စစ်တပ်က မြို့တွင်းရပ်ကွက်တွေမှာ ကင်းပုန်းချတာတွေအပြင် ညတိုင်းစစ်အင်အား အများအပြားနဲ့ ညကင်းလှည့်ပြီး မသင်္ကာသူတွေကို လိုက်ပြီးဖမ်းဆီးနေတာကြောင့် မိုးကောင်းမြို့မှာ ညအပြင်ထွက်သူ မရှိသလောက် နည်းသွားပြီလို့ ဒေသခံတွေကဆိုပါတယ်။

Show More

Related Articles

Back to top button