သတင်း

စစ်ကောင်စီတပ်ရဲ့ သံခွန်မော်တော်ယာဥ်တွေကြောင့် ကုန်တင်စက်လှေတွေပိတ်မိနေပြီး ဟုမ္မလင်းနယ်ထဲ အခြေခံစားသောက်ကုန်ပြတ်လပ်

စစ်ကိုင်းဒေသကြီး ဟုမ္မလင်း – ခန္တီးဘက်ကို စစ်ကောင်စီရဲ့ သံခွန်မော်တော်ယာဥ်တွေတက် လာနေတာကြောင့် ဟုမ္မလင်းနယ်ဘက်ပို့မယ့် ကုန်တင်စက်လှေတွေ ပိတ်မိနေလို့ ဟုမ္မလင်းနယ်ထဲမှာ အခြေခံစားသောက်ကုန်တွေ ပြတ်လပ်နေတယ်လို့ ဟုမ္မလင်းဒေသခံတွေဆီကနေ သိရပါတယ်။

စစ်လက်နက်ပစ္စည်း၊ စားနပ်ရိက္ခာနှင့် စစ်သား အင်အားအများအပြားတင်ဆောင်လာတဲ့ စစ်ကောင်စီ ရဲ့သံခွန်မော်တော်ယာဥ် ၁၅ စီးဟာ သြဂုတ်လ ၂၀ ကျော်ကတည်းက မုံရွာမြို့ကနေ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဟုမ္မလင်း ၊ ခန္တီးဘက်ကို တက်လာနေတာဖြစ်ပါတယ်။

ဒါကြောင့် လက်ရှိမှာတော့ အဲ့ဒီစစ်ကောင်စီယာဥ်တွေရေကြောင်းမှာရှိနေတာကြောင့် ကုန်တင်စက်လှေတွေတက်လာဖို့ ခက်ခဲပြီးပိတ်မိနေတာကြောင့် ဟုမ္မလင်း နယ်ထဲမှာတော့ကုန် အဝင်မရှိတဲ့အတွက် အခြေခံစားသောက်ကုန် တွေပြတ်လပ်နေတယ်လို့ ဟုမ္မလင်းမြို့ခံ အမျိုးသမီးတစ်ဦးက KNG ကို ပြောပါတယ်။

အခုက မုံရွာကနေပြီးတော့သူတို့(စစ်ကောင်စီ)ရဲ့ထောက်ပို့တွေ ၁၅စီးလောက် တက်လာတယ်သူတို့တက်လာတော့သူတို့ကို ကျော်ပြီးတော့မသွားရဘူးဆိုလို့ ကုန်စက်လှေတွေက မလာကြဘူး။ သူတို့သွားပြီးမှလာရမှာပေါ့ပြီးတော့ စက်လှေပိုင်ရှင်တွေကလည်းသူတို့ရေကြောင်းမှာရှိနေတော့မလာရဲတာ။ အဲ့ကြောင့်အခုဟုမ္မလင်းမှာတော့ ဆန်တွေ၊ ခရမ်းချဥ်သီးတွေကစပြတ်နေတာ ကြက်ဥဆို တစ်လုံးကို ၈၀၀ ဒါတောင်ဆိုင်ထဲမှာမရှိတော့ဘူးလို့သူကပြောပါတယ်။

စစ်ကောင်စီရဲ့ သံခွန်မော်တော်ယာဥ်တွေဟာ ခန္တီး ဟုမ္မလင်းဘက်တက်လာဖို့ပြင်ဆင်နေတဲ့အတွက် သြဂုတ်လဆန်းပိုင်း လောက်ကတည်းက ဟုမ္မလင်းနယ်မှာ ကုန်အဝင်တွေနည်းလာတာဖြစ်ပြီး စျေးနှုန်းတွေမြင့်တက် လာသလို သြဂုတ် ၂၀ ကျော်နောက်ပိုင်းကနေကုန်စက်လှေအဝင်တွေရပ်နားသွားတဲ့နောက် အခုလို အခြေခံစားသောက် ကုန်တွေပြတ် လပ်လာတာလို့ သိရပါတယ်။

ဟုမ္မလင်းနယ်ထဲမှာတော့ အခုလိုကုန်စည်အဝင်နည်းသွားတဲ့နောက် ခရမ်းချဥ်သီးတစ်ပိသာ ကျပ် ၁၅၀၀၀ ၊သြက်သွန်နီ/ဖြူ တစ်ပိသာ ကျပ် ၁၂၀၀၀ ၊ဆန်တစ်အိတ် ကျပ် ၁၅၀၀၀၀ကနေ ကျပ် ၂၀၀၀၀၀ နီးပါးအထိ စျေးမြင့်တက်ခဲ့ပြီးလက်ရှိမှာတော့ ကုန်စုံဆိုင်တွေမှာ အထက်ဖော်ပြပါစားသောက်ကုန်တွေ ပြတ်လပ်နေတာလို့ ဒေသခံတွေဆိုပါတယ်။

ဟုမ္မလင်းမြို့နယ်ထဲမှာ ကုန်ပစ္စည်းတွေကို ချင်းတွင်းမြစ်ကြောင်းအတိုင်းတင်ပို့လို့ရသလို မံရွာ၊ ဟုမ္မလင်း ကားလမ်းပိုင်းကုန်ကြောင်းကနေလည်းပို့လို့ရပေမယ့်လက်ရှိ ကုန်းကြောင်းကနေတော့တန်ဆာခ မြင့်တာကြောင့်ကုန်သည်တွေက ကုန်းကြောင်းရနေ မတင်ကြတာလို့ သိရပါတယ်။

ကုန်းကြောင်းလည်းရှိတယ်ဒါပေမယ့်ကုန်းကြောင်းကနည်းနည်းခက်တယ် ကားကြီးတွေလာလို့မရဘူး အိမ်စီးကားတို့၊ ဖောဝီးတို့ပဲရတယ် တာပေမယ့်တန်ဆာခစျေးအရမ်း စျေး ကြီးတယ် ဂျက်ဖာ တစ်ဖာဆို ၅၀၀၀၀ တဲ့ အလှကုန်သိန်း ၄၀၊ ၅၀ ဖိုးပဲတင်တင် သစ်လျှူးတို့တစ်ခြားတန်ဖိုးနည်းတဲ့ဟာပဲတင်တင် ဂျက်ဖာတစ်ဖာ ၅၀၀၀၀ ဆိုတော့မတင်ကြဘူးလို့ အထက်မှာဖော်ပြခဲ့တဲ့ ဒေသခံအမျိုးသမီးကပြောပါတယ်။

သြဂုတ် ၂၀ ကျော်ကတည်းကတက်လာတဲ့ အဲ့ဒီစစ်ကောင်စီရေယာဥ်တွေဟာ လက်ရှိ ကနီမြို့နယ် ထဲမှာရောက်ရှိနေပြီဖြစ်ပြီး ကနီနယ်ထဲမှာ ကာကွယ်ရေးတပ်တွေ ခြုံခိုတိုက်ခိုက်နေတာကြောင့် ရေယာဥ်အပျက် အစီးရှိသလို စစ်သားတွေထိခိုက်မှုလည်းရှိနေတဲ့အတွက် ကနီနယ်မှာကြန့်ကြာနေတယ်လို့ သိရပါတယ်။

အဲ့ဒီစစ်ကောင်စီ သံခွန်မော်တော်ယာဥ်တွေဟာ ဆန်တက်လာတဲ့မြစ်ကြောင်းတစ်လျှောက် မြစ်ကမ်းနဘေးမှာရှိတဲ့ရွာဘက်ကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေပြုလုပ်နေတဲ့အတွက် ကနီနယ်မှာရှိတဲ့ ရွာတစ်ချို့က လူနေအိမ်နဲ့အရပ်သားထိခိုက်မှုတွေရှိနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ချင်းတွင်းမြစ်ကြောင်းကို အသုံးပြုပြီး မုံရွာကနေ ခန္တီး ၊ဟုမ္မလင်းဘက် အခုလို ထောက်ပို့ယာဥ်တွေ စေလွှတ်တာမျိုး  လမှာ တစ်ကြိမ်သာစေလွှတ်ပြီး အခုလို စစ်ရေယာဥ်တွေတက်လာတိုင်း ဟုမ္မလင်းနယ်မှာကုန်အဝင်ရပ်တန့်ပြီးစျေးတက်တာတွေ၊ပစ္စည်းပြတ်လပ်တာတွေမကြာခနဖြစ်နေတယ်လို့ဒေသခံတွေကဆိုပါတယ်။

Show More

Related Articles

Back to top button